International News

International News

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှုကို ကုလသမဂ္ဂထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြပြီး ထိုသို့ စစ်ရာဇဝတ်မှုများ ကျူးလွန်နိုင်ရန် နိုင်ငံအချို့က စစ်တပ်ကိုထောက် ပံ့ကူညီနေဟု ပြောဆို

 

သံလွင်မြန်မာသတင်း

မေလ ၁၃

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကို ကုလသမဂ္ဂထံ သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပြီး ထိုသို့စစ်ရာဇဝတ်မှုများ ကျူးလွန်နိုင်ရန် နိုင်ငံအချို့က စစ်တပ်ကို ထောက်ပံ့ကူညီနေကြောင်း ထောက်ပြပြောဆိုသည်။

 

မေလ ၁၂ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် SDG 16 Conference 2025: Advancing Peace, Justice and Institutions for Sustainable Development အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မေလ ၁၂ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ ကျောင်း တစ်ကျောင်းအပေါ် စစ်အုပ်စုက လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ ၂ ဦးနှင့် က လေးငယ် ၂၀ ခန့် သေဆုံး၍ များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဤဖြစ်ရပ်သည် ဤတစ်ခုတည်း မဟုတ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ထောက်ပြပြောဆိုထားသည်။

 

အချို့သောနိုင်ငံများအနေဖြင့် စစ်အုပ်စုအား ထောက်ပံ့ပေးနေပြီး စစ်အုပ်စုအား ရုပ်ဝတ္ထု ပစ္စည်း အားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ် အားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးခြင်း က ကလေးငယ်များ အပါအဝင် လူအများအပြားကို စစ်အုပ်စုက သတ်ဖြတ်နိုင်စေရန် ကူညီ ပေးရာ ရောက်နေကြောင်း ဆက်လက်ပြောကြားသည်။

စစ်အုပ်စုမှ နေ့စဉ် မဆင်မခြင် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲခြင်းတို့ က အရပ်သားထိခိုက်နစ်နာမှုနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်း ဖြစ်စေပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်များအား အကောင်အထည်ဖော်ရန် တာဝန်ယူ ကြရသည့် အဆောက်အအုံများဖြစ်သော စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် အများဆုံးထိ ခိုက်လျက်ရှိကြောင်းသိရသည်။

 

စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ် မှု များမြောက် သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်တိုးမြှင့်ကျူးလွန်နေသဖြင့် တရားမျှတမှု တည်ရှိရေး က ဆိတ်သုဉ်းနေရကြောင်း၊ ထို့ပြင် လူသားအရင်းအနှီးနှင့် အရင်းအမြစ်များ သည် လည်း စစ်တပ်၏ ဆက်လက်ပြုလုပ်နေသည့် လူမဆန်မှုများကြောင့် ပြုန်းတီးနေရကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်ခြင်းများ ရပ်တန့်ပေးရန်၊ လူများကို သတ်ဖြတ်နေခြင်းအား ရပ်တန်ပေးပါရန် စစ်အုပ်စုကို ကူညီပံ့ပိုးပေးနေခြင်းအား ရပ်တန့်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန် မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။

 

ထိုအပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်အား အမြစ်ပြတ်စေရန်နှင့် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရန် လုပ်ဆောင်နေသည့် ကြိုးပမ်း အားထုတ်မှု များအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြပါရန် ထပ်လောင်းတောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးနှင့် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေကြောင်း Justic For Myanmar က ထုတ်ပြန် သည်။ မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့်...