တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ
သံလွင်မြန်မာသတင်း
ဇွန်လ ၂၈
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲ ယမ်းများနှင့်အတူ အရှင်ဖမ်းမိသူများလည်းရှိကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ဇွန်လ ၂၆ ရက်နေ့က တီးတိန်မြို့နယ်၊ တန့်ယန်းရွာနှင့် ခိုင်ကမ်းကြားရှိ မွှာလ်ပီးကျေးရွာရှိ စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ယနေ့ ဇွန်လ ၂၈ ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၁၅ ဦး ကျော် သေဆုံးပြီး အရှင်ဖမ်းမိသူများလည်းရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
“အခု တိုက်ပွဲဖြစ်တဲ့နေရာက တီးတိန်မြို့နယ်၊ တန်ယန်းရွာနဲ့ခိုင်ကမ်းကြားမှာပေါ့၊ အဲဒီမှာ စကစ ကင်း ချတဲ့ စခန်းပေါ့၊ စခန်း ၃ ခုလောက် ချင်းတပ်မတော်က သိမ်းလိုက်တယ်၊ စခ ၁၅ ယောက် ကျော် သေတယ်၊ အရှင်ဖမ်းမိတာလည်းရှိတယ်၊ အတိအကျတော့ မသိရဘူး။ လက်နက်ခဲယမ်းတွေ လည်း သိမ်းမိတယ်၊ အကုန်လုံးမောင်း ထုတ်လိုက်ပြီ။ ချင်းတပ်မတော်က ထိုးစစ်လုပ်တာ စကစတွေ နောက်ဆုတ်နောက်ဆုတ်နဲ့အခု ခိုင်ကမ်းရွာအထိ ရောက်သွားပြီလို့ သတင်းရထားတယ်” ဟု ချင်း စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Chin National Army – CNA က ဦးဆောင်ကာ PDF Zoland နှင့် CNDF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
Photo – မွှာလ်ပီးကျေးရွာ တိုက်ပွဲတွင် သိမ်းဆည်းရရှိသော စစ်တပ်ကောင်စီတပ်မှ လက်နက် ခဲယမ်းများ
Thanlwin Myanmar Media