သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ကျောက်ကြီး (လယ်ဒို)မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၇၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၇ ဦး အလင်း ဝင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၅ ရက်နေ့က လယ်ဒိုမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ထံသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခလရ–၇၅ တပ်ရင်းမှ ပြည် သူ့ စစ်မှုထမ်းတပ်သားများဖြစ်သူ ကျော်ဇေယျ (အသက် ၂၂ နှစ်) ၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်) နှင့် ရာဇာထက် (၂၄ နှစ်) တို့ ၇ ဦးမှာ အလင်းဝင်၍ ဘက်ပြောင်းခိုလှုံလာကြောင်း သိရသည်။
၎င်းတို့ ၇ ဦးသည် အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဖွင့်လှစ်သော ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၇ ၊ ၁၀ နှင့် ၁၃ တို့မှ သင်တန်းသားများ ဖြစ်ကြပြီး သန်းနိုင်ဦးနှင့် ရာဇာထက် တို့ ၂ ဦးမှာ အရောင်းစား ခံရ၍ ပြည်သူ့စစ်မှုထမ်းဘဝသို့ ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။
အခက်အခဲအမျိုးမျိုးကြောင့် အလင်းဝင်ဘက် ပြောင်းခိုလှုံလာစဉ် ၎င်းတို့အနေဖြင့် လက်နက်များ ယူ ဆောင်လာနိုင်ခြင်း မရှိသော်လည်း လယ်ဒိုမြို့နယ် တာဝန်ရှိသူများမှ နေရာထိုင်ခင်း၊ အသားအစာ နှင့် အဝတ်အစားများ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNU ဗဟိုက အသိပေးထားသည်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းစေခိုင်းခံနေရသူ အာဏာသိမ်းအကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ဘက် ပြောင်းခိုလှုံကြရန် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းထားသည်။
Photo – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ အလင်းဝင် ဘက် ပြောင်းခိုလှုံလာသော ပြည်သူ့စစ်မှုထမ်းတပ်သား ၇ ဦး။
Thanlwin Myanmar Media