ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအထိုင်စခန်းမှ စစ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး အလင်းဝင်
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၈
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအထိုင်စခန်းမှ စစ်သား တစ်ဦး လက်နက်ခဲယမ်းများ နှင့်အတူ ထွက်ပြေးလာပြီး အလင်းဝင်ခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေး နယ်မြေ၊ နေပြည်တော် စစ် တိုင်း ဌာန၊ စစ် တောင်းမြစ်ဝှမ်း (ရေတာရှည်) ထံမှ သိရသည်။
ဇူလိုင်လ ၇ ရက် နံနက် ၅ နာရီခန့်က ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ အထိုင်စခန်း၌ တာဝန်ကျ နေသော တပ်သား မင်းဟိန်းကျော်သည် MA-1 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ဆံ ၁၁၂ တောင့်တို့နှင့်အတူ စခန်းမှ ထွက်ပြေးလာပြီး အလင်းဝင်ရောက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များကင်းယူထားရာနေရာအနီးသို့ ညအမှောင်ကို အခွင့်ကောင်းယူကာ ချဉ်းကပ်ခဲ့ ကြောင်းသိရသည်။
“သူက ကျနော်တို့ တပ်တွေရှိတဲ့ ကင်းပွိုင့်တွေဘက်ကို တစ်ဦးတည်း ညပိုင်းကတည်းက ချဉ်းကပ် ပုန်းခိုနေပြီး မနက်စောစောမှာ သေနတ် ကျည်ဘောက်ကို ဖြုတ်ကာ ပွိုင့်ထဲကို ဝင်လာတာ၊ ကျနော် တို့ရဲဘော်တွေက သူ့ကို ကင်းပုန်းကနေစောင့်ကြည့်ပြီး နားကပ်ခွင့်ပေးခဲ့တယ်၊ ပြီးတော့ လက်နက် ဖြုတ်သိမ်းပြီး အလင်းဝင်ခွင့်ပြုခဲ့တာပါ” ဟု အမှတ် ၂ စစ်ဆင်ရေး နယ်မြေ၊ နေပြည်တော်စစ်တိုင်း ဌာန၊ စစ် တောင်းမြစ်ဝှမ်း (ရေတာရှည်) စစ် ဆင်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် တပ်သား မင်းဟိန်းကျော်သည် စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်း ခံရသူမဟုတ်ပဲ အင်းတကော်မြို့ အခြေစိုက် အမှတ် ၉၀၆ စစ်မြေပြင်အင်ဂျင်နီတပ်ရင်းမှ အမြဲတမ်း တပ် သားတစ်ဦးဖြစ်ပြီး လုပ်သက် ၆ နှစ်ရှိသည့် တပ် သား တစ်ဦးဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Medai