သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၉
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဂိတ်ဖွင့်ဆက်ကြေးကောက်ရန် ထွက်လာသော ရဲများ ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အေးမင်းထွန်းအပါအဝင် ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း ကထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ပေါင်းတည်မြို့နယ် မှတ္တိုင်အုပ်စု မှတ္တိုင်ရဲစခန်းမှ ဒုရဲအုပ်အေးမင်းထွန်းဦးစီးသော ရဲ ၅ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် တမံကြီးရွာဘက် သို့ ဂိတ်ဖွင့်စစ်ဆေးရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အေးမင်းထွန်းနှင့် နယ်ထိန်းအောင်ကျော်ထက်တို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
Photo – ပုံဟောင်း
ထိုသို့ အပြင်းအထန် ဒဏ်ရာရရှိသည့် ရဲ ၂ ဦးစလုံးကို အလုံပိတ်ကားဖြင့် ပြည်ဆေးရုံသို့ သယ်ဆောင် သွားပြီး သေဆုံးခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းရဲတပ်ဖွဲ့ဝင်များသည် တမံကြီးရွာလမ်းဆုံ ညောင်ပင်အောက်၌ ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများ ၏ ဆိုင်ကယ်များကို ဖမ်းစီးခြင်း၊ အဓမ္မစစ်မှုထမ်းစုဆောင်းခြင်း၊ ဝယ်လာ သောစားသောက်ကုန်များ ကိုလည်း သိမ်းဆည်းခြင်း ၊ပြည်သူများကို ဖမ်းစီးငွေတောင်းခံခြင်း ၊ ငွေမပေးနိုင်ပါက ဖမ်းဆီးထောင် ချ ခြင်းတို့ ပြုလုပ်နေသော ဂိတ်ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ် ရင်း တပ်ခွဲ ၄ မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media