သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့တို့တွင် အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းနေ သည့်အပြင် သံတွဲ၊ ဂွမြို့အနီးရှိ ပင်လယ်ပြင်၌လည်း စစ်သင်္ဘောများ သွားလာလှုပ်ရှားမှုပြုလုပ်နေသ ဖြင့် ညအချိန် ငါးဖမ်းမှုမပြုလုပ်ကြရန် အာရက္ခတပ်တော် -AA က ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်၍ တားမြစ်လိုက်သည်။
အကြမ်းဖက်စစ်ကော်မရှင်သည် အာရက္ခတပ်တော်နှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် နေရသော မြို့ များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူမြို့များသို့ စစ်အင်အားတိုးမြှင့်ခြင်းများကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် ခပ်စိပ်စိပ်ပြုလုပ်လာနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
ထို့အပြင် အာရက္ခတပ်တော်မှ အပြည့်အဝထိန်းချုပ် ထားသော သံတွဲ နှင့် ဂွ မြို့အနီး ပင်လယ်ပြင် တွင်လည်း စစ်သင်္ဘောများ သွားလာလှုပ်ရှားမှုများ ပိုမိုတွေ့မြင်လာရပြီး ၎င်းမြို့များပေါ်၌လည်း ကင်းထောက်လေယာဉ်များဖြင့် လှည့်ပတ်ပျံဝဲကာ ကင်းထောက်လှမ်းမှုများကို ယခုရက်များ အတွင်း ယခင်ကထက် ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာသည်ကို တွေ့ရှိနေရကြောင်း အသိပေးထားသည်။
တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်က အာရက္ခတပ်တော် ထိန်းချုပ် ထား သည့် မြို့များထဲမှ အချို့သောမြို့များအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူရန်အတွက် ပြင်ဆင် နေမှုများကို ယခုရက်များအတွင်း ပိုမိုပြုလုပ်လာကြောင်း သိရသည်။
အာရက္ခတပ်တော်သည် ရန်သူ၏ စစ်ရေးလှုပ်ရှားမှု အနည်း/အများ အပေါ်မူတည်၍ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကို သတိထားကြရန်နှင့် စစ်ရေးသတိအပြည့်အဝရှိကြပါရန် အခါ အားလျော်စွာ ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။
အာရက္ခပင်လယ်ကမ်းနီးရှိ မြို့၊ ရွာများမှ ရေလုပ်ငန်းကို အဓိက အမှီပြု၍ လုပ်ကိုင်စားသောက် နေ ကြရသော မိဘပြည်သူများ၏ စစ်ကာလ အခက်အခဲ၊ အကျပ်အတည်း နှင့် မိသားစုစားဝတ်နေရေး များကို တစ်နိုင်တစ်ပိုင်ဖြေရှင်းနိုင်ရန်အတွက် ပင်လယ်ပြင်၌ ငါးဖမ်းခွင့်အား အချိန် အကန့်အသတ် မရှိ ခွင့်ပြုထားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ယခုကဲ့သို့ အချိန်အကန့်သတ်မရှိ ငါးဖမ်းခွင့်ပြုထားခြင်းမှာ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်အင်အားဖြည့်တင်းခြင်းနှင့် ၎င်းတို့၏ စစ်ဆင်ရေးအတွက် ငါးဖမ်းလှေများကို အကာအကွယ်ယူကာ လွတ်လပ်စွာ သွားလာနိုင်သည့်အခွင့်အရေးမျိုးကို ဖြစ်ပေါ်နေသောကြောင့် သံတွဲ နှင့် ဂွ မြို့အနီး ပင်လယ်ပြင်တွင် ည ၆ နာရီ မှ နံနက် ၆ နာရီအထိ ညအချိန် ငါးဖမ်းမှုများကို အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်သင်္ဘောများပေါ်မှ ပင်လယ်ပြင်အတွင်း ငါးဖမ်း နေကြသော အပြစ်မဲ့ မိဘပြည်သူ ငါးဖမ်းလှေများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းနှင့်တံငါသည်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကိုပါ ပြုလုပ်နေသောကြောင့် နေ့အချိန် ငါးဖမ်းသွား မည်ဆိုပါက ကမ်းဝေးသို့သွားရောက်၍ မဖမ်းကြပါရန်နှင့် စစ်ကော်မရှင်၏ စစ်သင်္ဘောများလာ နေ သည်ကို မြင်တွေ့ပါက ကမ်းစပ်၊ ကမ်းနီးသို့ အမြန်ဆုံး ဆိုက်ကပ်လာကြပါရန်ကိုလည်း ထပ်လောင်း အသိပေး တိုက်တွန်းထားသည်။
ဤတားမြစ်အမိန့်အား ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ပြန်လည်ရုပ်သိမ်းကြောင်း မထုတ်ပြန်မချင်း ရေ လုပ်သားများအနေဖြင့် သံတွဲ နှင့် ဂွ မြို့များအနီး ပင်လယ်ပြင်၌ ညအချိန်များအတွင်း ငါးဖမ်းခြင်း “လုံးဝ” မပြုလုပ်ကြရန်နှင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည် ၍ ဤသတိပေးတားမြစ်ချက်အား ပြန်လည်ရုပ်သိမ်းမည့်နေ့ကိုလည်း ထပ်မံအသိပေးသွားမည် ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media