မင်းတုန်းမြို့နယ်၊ စစ်တပ်က အသုံးပြုတိုက်ခိုက်ာထးသည့် ရုရှားထုတ် ကာမီကာဇေဒရုန်းတစ်စီးနှင့် အတူ ဗုံး ၁ လုံးတွေ့ရှိ၊တော်လှန်ရေး တပ်ဖွဲ့များနှင့် ပြည်သူများ သတိထားစောင့်ကြည့်ကြရန် သတိပေး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရှေ့တန်းတနေရာတွင် စစ်တပ်က အသုံးပြုတိုက်ခိုက်ထားသည့် ရုရှားထုတ် ကာမီကာဇေဒရုန်း တစ်စီးနှင့် ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၆ ရက်နေ့က ဖြစ်ခဲ့သည့်တိုက်ပွဲနေရာနှင့် ရှေ့ တန်းနယ်မြေနေရာအား နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်က အသုံး ပြုကာ ရုရှားထုတ် ကာမီကာဇေ ဒရုန်းတစ်စီးနှင့် ဗုံးတစ်လုံးကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၂၆ ရက်နေ့မှတစ်ကြိမ်၊ ဒီဇင်ဘာ ၆ ရက်နေ့မှာတစ်ကြိမ်ပေါ့ မင်းတုန်းမှာ ဖြစ်ခဲ့တာရှိတယ်။အဲဒီနောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်တာတွေရှိတာပေါ့။ အခုက အဲဒီ ဘက်တွေကို နယ်မြေရှင်းတဲ့အခါမှာ ဒါကိုတွေ့တာ။ ခန့်မှန်းခြေကတော့ တိုက်ပွဲထဲက ဒီဒရုန်းတွေကို အသုံးပြတာဆိုရင် အဲဒီအချိန်တွေကဖြစ်နိုင်ပြီးတော့ ဒါကို စမ်းသပ်တာမျိုးလည်း ဖြစ်နိုင်တယ်။ သရက်မှာရှိတဲ့ ကပစ ၁၂ ကနေ စမ်းသပ်ပြီးတော့ လွှတ်တာလားဆိုတာ မသဲကွဲဘူး။ တိုက်ပွဲထဲမှာ သုံးခဲ့တာလား၊ တိုက်ပွဲမရှိတဲ့အချိန်မှာ စမ်းသပ်ပစ်ခတ်ခဲ့တာလား မသဲကွဲဘူး။ တွေ့ခဲ့တာကတော့ နယ်မြေရှင်းလင်းရင်းနဲ့တွေ့ခဲ့တာပါ။ မင်းတုန်းမြို့နယ်၊ ရှေ့တန်းစစ်ရေးလှုပ်ရှားနယ်မြေမှာတွေ့ ခဲ့တာ။ ပျက်ကျထားတာတော့ တစ်စီးပဲ။” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။
ပျက်ကျထားသည့် ကာမီကာဇေဒရုန်းနှင့်အတူ ပြင်းအားမြင့်ဗုံးတစ်လုံးပါတွေ့ရှိခဲ့ပြီး မည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်မှုမရှိစေရန် ခြံခတ်ပိတ်လှောင်ထားကြောင်း သိရသည်။
“ပုံထဲမှာဆိုရင် အပြာရောင်တုံးလေးက ဗုံးလို့ သိရတယ်။ ပေါက်ကွဲအားပြင်းတဲ့ဗုံးတစ်ခု၊ မပေါက်ကွဲပဲ ရှိနေတာ။ သွားထိလို့မရဘူး။ အဲဒီကောင်ကို ခြံခတ်ထားရမှာ။ဒီဗုံးက ကျနော်တို့လည်းအခုမှ တွေ့ဖူး တာ။ တရုတ်ထုတ်လို့လည်းပြောကြတယ်၊ ရုရှားထုတ်လို့လည်းပြောကြတယ်။ သေချာတော့မသဲကွဲ ဘူး။ တော်လှန်ရေးအဖွဲ့အစည်းတွေပြောကြတာကတော့ ဒါတွေကို ရှမ်းမြောက်ဘက်မှာ သုံးနေပြီလို့ ပြောတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါကို ပထမဦးဆုံးတွေ့ဖူးတာဆိုတော့ အတွေ့အကြုံလည်း မရှိတဲ့အတွက် ဖောက်ခွဲခဲ့တာမျိုးမရှိဘူး။ အဲဒါကို မထိခိုက်မိအောင်ခြံခတ်ပြီးတော့လုပ်ထားတယ်။” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုမြတ်က ရှင်းပြသည်။
ပြီးခဲသည့် နိုဝင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲတွင်းလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ တိုက် ခိုက်ရေးဒရုန်း ၁ စီးနှင့် ကင်းထောက်ဒရုန်း ၁ စီးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“အရင်ကတော့ ဒရုန်းဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေကပဲ အသုံးပြုတာပေါ့။ အခုဆိုရင် ဒရုန်းက စစ်ကောင်စီဘက်က အသုံးပြုလာတယ်။ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က တိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတစ်ခုနဲ့ စကော့ဒရုန်းတစ်ခုကို သိမ်းဆည်း ရရှိခဲ့တယ်။ ဒါတွေကို သုံးမယ်ဆိုရင် သူတို့အနေနဲ့က ဝယ်ယူရတာလွယ်ကူတော့ ကျနော်တို့တွေက လေကြောင်းအပြင် ဒရုန်းတွေကိုပါ စောင့်ကြည့်ပြီးတော့ ကြိုုတင်ကာကွယ်မှုတွေလိုအပ်လာတယ်ဆို တာ တော်လှန်ရေးသမားတွေရော၊ ပြည်သူတွေရောကို ပြောချင်ပါတယ်။” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။
Thanlwin Myanmar Media