စိန်ခေါ်မှုအခက်အခဲကြားကနေ အုပ်ချုပ်ရေးလမ်းကြောင်းသစ်ကို စနစ်တကျအုတ်မြစ်ချနိုင်ခဲ့ပြီဟု IEC ဥက္ကဌ ခူဦးရယ် ပြောဆို (ရုပ်သံ)
D Day News
ဇွန်လ ၆
ကရင်နီပြည်အတွင်း၌ စိန်ခေါ်မှုအခက်အခဲပေါင်းစုံကြားကနေ အုပ်ချုပ်ရေးလမ်းကြောင့်သစ်ကို စနစ် တကျ အုတ်မြစ်ချနိုင်ခဲ့ပြီဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC ဥက္ကဌ ခူဦးရယ်က ပြောကြားသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် မိဘပြည်သူများထံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကရင်နီပြည်ဟာ အခက်အခဲစိန်ခေါ်မှု မြောက်မြားစွာ ရင်ဆိုင်နေရတဲ့ ကြားထဲကနေပဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စတာတွေကို စတာတွေကို အခြေခံတဲ့ ဒီမို ကရေစီလမ်းကြောင်းကို လက်တွေ့ကျင့်သုံးနေတာဟာ တဖြည်းဖြည်းနဲ့ အရှိန်အဟုန်ရလာပြီ ဖြစ်ပါ တယ်။ တနည်းအားဖြင့် ကရင်နီပြည်နယ်ရဲ့ ကြားကာလအစီအမံနဲ့အညီ ကျနော်တို့လိုလားတောင့် တတဲ့ အုပ်ချုပ်ရေးလမ်းကြောင်းအသစ်ကို စနစ်တကျအုတ်မြစ်ချပြီး တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါ တယ်” ဟု ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။
https://youtu.be/Gt57_XbNWMg
ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နှစ်တာအတွင်း ကရင်နီ(ကယား)ပြည်နယ်ရှိ မြို့နယ် (၈)မြို့နယ်တွင် ပြည်သူ့အခြေပြုအုပ်ချုပ်ရေးယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ကာ ကဏ္ဍပေါင်း (၈)ခုကို လည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းနိုင်ခဲ့မှုများတွင် အများပြည်သူလုံခြုံမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကရင်နီရဲ ဌာနကို ဖွဲ့စည်းနိုင်ခဲ့ပြီး လက်ရှိတွင် ကရင်နီပြည်စခန်း၌ ရဲစခန်း (၁၅)ခု၊ ရဲကင်း(၁၀)ခုတို့ကို တိုးချဲ့ ဖွဲ့ စည်းနိုင်ခဲ့ကာ ရဲဝန်ထမ်းလည်း (၅၈၅)ဦးကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အခွန်ကောက်ခံမှုတွေကနေ ရရှိလာသည့် ရန်ပုံငွေ၊ အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများမှ ကူညီပေးခဲ့သည့် ရန်ပုံငွေ၊ တတိယနိုင်ငံတို့တွင် အခြေချနေထိုင်ကြသည့် ကရင်နီလူမှုအသိုင်းအဝိုင်းမှ ပံ့ပိုးပေးခဲ့သည့် ရန်ပုံငွေ၊ တစ်သီးပုဂ္ဂလ အလှူရှင်များမှ ပံ့ပိုးပေးသည့် ရန်ပုံငွေ စုပေါင်းလိုက်ရင် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ် မေလကုန်အထိ စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၈၃၁၀)သန်းရရှိခဲ့ကြောင်း၊ ရရှိသည့် ရန်ပုံငွေများအနက် ကျပ်သန်းပေါင်း (၆၁၈၇)သန်းကို ကဏ္ဍအသီးသီးတွင် ခွဲဝေသုံးစွဲပြီးဖြစ်ကြောင်း သိရသည်။
D Day News