မင်းတုန်းမြို့အဝင်လမ်းပေါ်တွင် ခရီးသွားပြည်သူကားများကို ဆက်ကြေးကောက်နေသော ရဲ ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မင်းတုန်းမြို့အဝင်လမ်းပေါ်တွင် ခရီးသွားပြည်သူကားများကို ဆက်ကြေးကောက်နေသော ရဲ ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၆

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင်လမ်းမပေါ်တွင် ခရီးသွားပြည်သူကားများကို ဆက်ကြေး ကောက်နေသော ရဲ ၂ ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။

ယနေ့အောက်တိုဘာလ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က မင်းတုန်းမြို့ အဝင် အင်းလည်ကုန်း ကျေးရွာအနီးလမ်းမပေါ်တွင် ခရီးသွားကားများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေး ကောက်ရန် ထွက်လာသော အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲ ၂ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတွေက အဲဒီလမ်းပိုင်းပေါ်မှာပေါ့၊ အဲဒီလမ်းပိုင်းက ပုသိမ်- မုံရွာလမ်းမပေါ် မင်းတုန်း ၅ မိုင်ဂိတ် ကနေ မင်းတုန်းမြို့ဝင်တဲ့ လမ်းပိုင်းပေါ့၊ မင်းတုန်းမြို့နဲ့ဆိုရင်တော့ ၃ လေးမိုင်လောက်ပဲ ဝေးမှာ။ အဲဒီ လမ်းပိုင်းမှာ သူတို့တွေက ခရီးသွားကားတွေကို ဆက်ကြေးလာကောက်နေတယ်။တစ်စီးကို သိန်း ၄၀ ၊ ၅၀ နှုန်းနဲ့လာကောက်နေတယ်ဆိုတဲ့ သတင်းကို ကြိုရတာ။ အရင်ကတည်းက လာလာကောက် နေတာမျိုးတွေရှိတယ်။ အဲဒါကြောင့် ၂၅ ရက်နေ့မှာ သွားပြီးတော့ ကြိုတင်နေရာယူ ကင်းပုန်းဝပ်ပြီး တော့ ဒီနေ့မနက်ကျမှ ထွက်လာတဲ့ ရဲ ၂ ယောက်ကို တိုက်ခိုက်ခဲ့တာ။ ဖြစ်တဲ့အချိန်မှာတော့ ခြေလျင် ပဲ။အရပ်ဝတ်တွေနဲ့ထွက်လာတာပါ။” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ရဲတပ်သား နေမင်းထက် နှင့် သန်းထိုက်စိုး တို့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ၎င်းတို့ထံမှ G3 အမျိုးအစား သေနတ် ၂ လက် ၊ G3 ကျည်ဘောက် ၂ ခု ၊ G3 ကျည် ၂၉ တောင့် ၊ လက်ပစ်သီး ၁ လုံး ၊ လက်ထိပ် ၁ ခု ၊ ဖုန်း ၁ လုံး နှင့် ငွေသား ၆၅၀၀၀ ကျပ် တို့အား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊သရက်ခရိုင်အမှတ် – ၄ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တပ်စိပ် ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီး

ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း Yenanthar Column ထံမှ သိရ သည်။ အောက်တိုဘာလ ၂၅...