ခွန်းနီ (ပခုက္ကူ)
ရင်တွင်းက ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အခါ
ဘယ်စောင်မှ မလုံဘူး
ဘယ်လောက်ခြုံခြုံ မဖြုံဘူး
ထမင်းစားရေသောက်လို
ရောက်ရောက်လာတဲ့ ရောဂါပဲ။
ရဲဘော်ရဲဘက်စိတ်တစ်ခုတည်းနဲ့
ရအောင်ထွေးရတယ်
အမေ့ရင်ငွေ့နဲ့ ဝေးလာတဲ့ကောင်တွေ
ညီအကိုစိတ်နဲ့ပဲ နွေးရတယ်။
သြော် ငှက်ဖျားတဲ့
အမှတ်ရစရာ ရက်များပေါ့ကွာ
မင်းတို့ဖျားတော့ ငါပြုစု
ငါဖျားတော့ မင်းတို့ပြုစု
ဘယ်သူမှ မငြူစူခဲ့ဘူး။
ဒီငှက်ဖျားကြောင့်ပဲ
တစ်ချို့ငါတို့ညီအကိုတွေနဲ့
ကမ္ဘာတွေခြားခဲ့ရ
အခန့်မသင့်လို့ပဲလို့ စိတ်ဖြေရ
အခန့်သင့်ရင်လည်း ပစ်စလက်ခက်နဲ့ကြွေရ
ဒါကိုပဲအညတရလို့ မည်ကာမတ္တ ရတာပေါ့။
မင်းတို့ဘယ်ကောင်းကင်မှာပဲနားနား
ငါတော့အခုဖျားနေရတယ်
ဒီလိုမိုးရက်တွေဆို
ဒီ ငှက်ပဲငါ့ဆီရောက်ရောက်လာတော့
ငါ့မှာအနွေးဓာတ်လိုတယ်ညီအကိုတို့။
လှိုက်ခနဲလှိုက်ခနဲချမ်းလာသမျှ
ငါ့မှာပိုပိုလွမ်းလာရတယ်
အခက်ခဲဆုံးနဲ့အကြမ်းတမ်းဆုံးအချိန်ဟာ
အကောင်းဆုံးအမှတ်ရစရာတွေတဲ့
မင်းတို့ငါတို့ မေ့နိုင်ခဲ့လို့လား
မမေ့နိုင်မှတော့ လွမ်းကြရတာပေါ့ကွာ။
လူကသာ အိပ်ယာထက်မှာ
စိတ်ကတော့ လိပ်ပြာတစ်ကောင်လို
ဟိုနားဒီနားနဲ့
ငါ့ရဲ့ဖျားနာမှုရက်စွဲများပါပဲ။
ခွန်းနီ(ပခုက္ကူ)
Thanlwin Myanmar Media