သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်နှင့် မိုင်းငေါ့မြိုနယ်တွင် စစ်တပ်က လေ ကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဘုန်းကြီး ကျောင်း၊ ဇရပ်၊ လက်ဖက်စက်ရုံတစ်ရုံ၊ မီးသတ်ကား ၅ စီး၊ အိမ်စီးကား ၄ စီးနှင့် လူနေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့အောက်တိုဘာလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က၀ တအာင်းပြည်၊ နမ့်ဆန်မြို့၊ နမ္မ ဝေါရပ်ကွက်ရှိ ပြည်သူလူထုကို ဦးတည်၍ အကြမ်းဖက်စစ်တပ်က ရွည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာ ဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၂၈ နှစ် ကိုအောင်အောင် နှင့် အသက် ၂၄ နှစ် အရွယ် ဦးချစ်စမ်းမောင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ အိမ်၊ လက်ဖက်စက်ရုံ ၁ ရုံ၊ မီးသတ်ကား ၅ စီးနှင့် အိမ်စီးကား ၄ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအပြင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မိုင်းငေါ့မြိုနယ်၊ လွယ်ပိန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဇရပ်တို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုလ အောက်တိုဘာ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံ မြို့တွင် (၁) ကြိမ်၊ ကျောက်မဲမြို့တွင် (၃) ကြိမ်၊ သီပေါမြို့တွင် (၅) ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁) ကြိမ်၊ မိုင်းလုံမြို့တွင် (၄) ကြိမ်၊ နမ့်ဆန်မြို့တွင် (၅) ကြိမ်၊ နမ္မတူမြို့တွင် (၅) ကြိမ်၊ မိုးမိတ်မြို့တွင် (၃) ကြိမ်နှင့် မိုးကုတ်မြို့တွင်(၁) ကြိမ် စုစုပေါင်း (၂၈) ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် (၂) ပါး၊ကလေး (၈) ဦး၊ အမျိုးသား (၁၂) ဦး၊ အမျိုး သမီး (၁၉) ဦးသေဆုံးခဲ့ပြီး ကလေး (၁၁) ဦး၊ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၇) ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ကျောင်းဆောင် (၇) ဆောင်နှင့်အဆောက်အဦး (၄) ခု ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA က အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media