သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၈
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းကျောင်းများ ၂၇ ကျောင်းအထိ ထပ်တိုးဖွင့်လှစ် နေပြီး အဓမ္မစစ်သား မစုဆောင်းခံရစေရေး သတိပြုနေထိုင်ပေးကြပါရန် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI က တိုက်တွန်းထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီး စုဆောင်းထားသည့် လူငယ်များကို လက်ခံလေ့ကျင့် ပေးနေသော စစ်သင်တန်းကျောင်း ၂၇ ခုထိ ရှိလာပြီဖြစ်ပြီး စစ်မှုထမ်းတပ်သားများ တိုးမြှင့်စု ဆောင်းရရှိမှုအပေါ် မူတည်၍ စစ်ကောင်စီတပ်က အရန်သင်တန်းကျောင်းများအဖြစ် ခအက၊ တကအ နှင့် ရလတ ၅၇ တို့တွင် ထပ်တိုးဖွင့်လှစ် လေ့ကျင့်ပေးနေခြင်း ဖြစ်ကြောင်း အသိပေးထား သည်။
“အရင်က သင်တန်းကျောင်း ၂၅ လောက်မှာ အလှည့်ကျဖွင့်နေတာ ရှိပါတယ်။ လူများတဲ့အခါ၊ သင် တန်း နေရာ လိုအပ်တဲ့အခါ တကအ နဲ့ ခအက မှာ ထပ်တိုးဖွင့်တာမျိုး လုပ်ပါတယ်။ အခု ရလတ ၅၇ ကိုပါ အရန်အဖြစ် ထပ်တိုးဖွင့်လာပါတယ်။ ပင်မသင်တန်းကျောင်းတွေမှာ အမြဲလက်ခံ လေ့ကျင့်ပေး နေ သလို အရန်သင်တန်းကျောင်းတွေပါ ထပ်မံပြင်ဆင် ဖွင့်လာတာကို တွေ့လာရပါတယ်။ ဥပမာ – အချို့ သင်တန်းကျောင်းတွေမှာ သင်တန်းသား အများအပြားရလို့ လက်ခံထားတဲ့အခါ နောက်အပတ် စဉ် အတွက် သင်တန်းသားကို ထပ်မပို့ဘဲ အရန်သင်တန်းကျောင်းမှာ လက်ခံဖွင့်လှစ်နေတဲ့ ပုံစံလို့ သုံးသပ်ရပါတယ်။ စစ်ကောင်စီ က အချို့လတွေမှာ သင်တန်းသား ၅၀၀၀ ကျော် စုဆောင်းရတာမျိုး၊ ရသလောက် စုနေတာမျိူ ရှိတယ်လို့ သုံးသပ်ရပါတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင် ရာ လေ့လာရေးအဖွဲ့ -MDSI တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်မှုထမ်းအပတ်စဉ် ၁၇ ထိ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ၉ တပ်၊ တပ်မတော်တန်းမြင့်လေ့ ကျင့် ရေးကျောင်း (တတက) ၁၁ တပ်၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း(ရကသ) ၂ တပ်၊ တပ်မ တော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံ (တကန)၊ ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ခြေလျင်အကူ လက် နက်ကြီးသင်ကျောင်း(ခအက)၊ တပ်မတော်ကိုယ်ခံပညာ နှင့် အားကစားသိပ္ပံ(တကအ) နှင့် အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ် တို့တွင် လက်ခံလေ့ကျင့် သင်တန်းပေးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် စိုးမိုးထိန်းချုပ်မှု အားကောင်းသော ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း နှင့် ပဲခူးတိုင်းမှ စစ်သင်တန်းကျောင်း ၁၅ ခုသည် ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်အများစုကို လက်ခံလေ့ကျင့်ပေးနေသည့် ပင်မသင်တန်းကျောင်း နေရာများ ဖြစ်ကြောင်း သိရသည်။
အလားတူ စစ်အခြေခံလေ့ကျင့်ရေးတပ်များသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအပြင်၊ အခြေခံတပ် သားသစ်သင်တန်းများကိုလည်း လက်ခံဖွင့်လှစ် လေ့ကျင့်ပေးလျက် ရှိကြောင်း သိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် သပိတ်ကျင်းမြို့နယ်ရှိ စခတ ၂ နှင့် တတက ၁၃ ၊ ရွှေဘိုအခြေစိုက် စခတ ၈ ၊ ကလေးတပ်နယ် တတက ၁၃ တို့တွင် လုံခြုံရေးအခြေအနေအရ သင်တန်း ပုံမှန်လက်ခံ လေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲ ရပ်နားထားကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ထိ စစ်မှုထမ်းအပတ်စဉ် ၁၅ ကို လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဉ် ၁၈ ကို မကြာခင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းတပ်သားများ လစဉ်သတ်မှတ်အရေအတွက် ကျော်လွန်ရရှိရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးစုဆောင်းနေသလို အရှိန်အဟုန်မပြတ် လေ့ကျင့်သင်တန်း ပေးနိုင်ရန်အတွက်လည်း စစ်သင်တန်းကျောင်းများ ထပ်တိုးပြင်ဆင် ဖွင့်လှစ်လာခြင်းဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI က ထုတ်ပြန်ထားသည်။
“စစ်ကောင်စီ က အဓမ္မနည်းလမ်းမျိုးစုံ လုပ်ဆောင်နေတာမလို့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ် တွေ အနေနဲ့ ဘေးကင်းအောင် အတတ်နိုင်ဆုံး သတိနဲ့ နေဖို့ပဲ အကြံပြုချင်ပါတယ်။” ဟု မြန်မာ့စစ် ဘက် ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်း ထားသည်။
Thanlwin Myanmar Media