သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၄
အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျလူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ် ၁၂၀၀ ကျော် သေဆုံးခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်မရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်သည်။
အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြု လုပ်သည့် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေး ရာကော်မတီ (တတိယကော်မတီ) တွင် ကလေးသူငယ်များ၏ အခွင့်အရေးများအား တိုးမြှင့်ပေးရေးနှင့် ကာကွယ် ပေးရေး (Promotion and Protection of Rights of Children) ခေါင်းစဉ်အောက်၌ အထွေထွေ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ကလေးသူငယ်များ၏ အခွင့်အရေးများမှာ စစ်အုပ်စု၏ ပြောင်ပြောင်တင်းတင်းနှင့် စနစ်တကျ ချိုးဖောက်ခြင်းကို ခံနေရမှုကြောင့် ကလေးသူ ငယ် ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီးစစ်အာဏာရှင်လက်အောက်တွင် ကလေးငယ်များအတွက်အနာဂတ် မရှိကြောင်းနှင့် မျိုးဆက်တစ်ခု၏ စွမ်းဆောင်နိုင်စွမ်းနှင့် အနာဂတ်တို့မှာ မတရား စစ်အာဏာ သိမ်း မှုအောက် ဆင့်ကဲဖြစ်ပေါ်လာသည့် အကျပ်အတည်းများကြောင့် အချည်းနှီးဖြစ်ခဲ့ရပြီ ဖြစ်ကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ထားခြင်းဖြစ်သည်။
ကလေးသူငယ်များသည် အသိုက်အဝန်းများတွင် ထိရှအလွယ်ဆုံးဖြစ်သည့်တိုင် နိုင်ငံတစ်ခု၏ အနာ ဂတ်ဖြစ်သည်ဟု အသိအမှတ်ပြုလျက် မိမိတို့အနေဖြင့် ကလေးသူငယ်များ၏အခွင့်အရေးအား အ ကာ အကွယ်ပေးရေးကို ကမ္ဘာလုံးဆိုင်ရာကတိကဝတ်အဖြစ် သတ်မှတ်ထားသော်လည်း ကမ္ဘာ့ နေ ရာအသီးသီးတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးမတည်ငြိမ်မှု များ တိုးပွားလာခြင်းကြောင့် အဆိုပါ ကတိကဝတ်သည် ကြီးလေးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
UNICEF ကလည်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိသည့် ၂၂ သန်းသော ပြည်သူများအနက် ၆.၃ သန်း မှာ ကလေးသူငယ်များ ဖြစ်သည် ဟု သတိပေးထားထားသည်။
စစ်အုပ်စုအနေဖြင့် မတရား စစ်အာဏာသိမ်းချိန်တစ်လျှောက်လုံး၌ နိုင်ငံတစ်ဝန်းတွင် မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၇,၁၇၅) ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ (၄,၁၃၅) ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် ပညာရေးကဏ္ဍမှာ ကြီးလေးစွာ ဟန့်တားခံထားရပြီး ယခု အခါ စစ်အုပ်စုမှ အရပ်သားပြည်သူလူထုအပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့် ကျူးလွန်လာသည်နှင့်အမျှ စိန်ခေါ်မှုများက ကြီးထွားလာလျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေစဉ် ပြောင်းရွှေ့တဲများနှင့် ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေရသည့် ကလေးငယ် များအနေဖြင့် အကြောက်တရားဖြင့် ပညာသင်ယူနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှု ဥပဒေတို့အပြင် ကလေးသူငယ်များအပေါ် ကျူးလွန်သော ကြီးလေးသည့် ချိုးဖောက်မှု ၆ ခု ကိုပါ ဆက်လက် ချိုးဖောက်လျက်ရှိကြောင်း ဆက်လက် ပြောကြားသည်။
ပြည်သူများ၏ အသက်အိုးအိမ်များ ယခုထက် ပိုမို ဆုံးရှုံးခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတ ကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ လုပ်ဆောင်ချက်များအကြား ကြီးလေးစွာ ဖြစ်ပေါ်နေသည့် ကွဲလွဲမှုကို သတိချပ်ကာ ၎င်းတို့ မမှန်မကန် လုပ်ကြံဖန်တီးနေသည့် “ရွေးကောက်ပွဲ” လုပ်ငန်းစဉ် အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချရန်ပေးပါရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ ပြီး အများစုမှာ စစ်အုပ်စု၏ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စိတ်ဒဏ်ရာများ ရရှိထားပြီး ဖြစ်ကြောင်း UNDP မှ “A Generation on Edge: Youth Safety and Well-beingin Myanmar” ခေါင်းစဉ်ဖြင့် ကမ္ဘာ့စိတ်ကျန်းမာရေးအထိမ်းအမှတ်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
Thanlwin Myanmar Media