သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၁ နယ် မြေ၊ တော့ဆန်ရွာမကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ရာ တော့ဆန်ရွာမကျေးရွာအတွင်း၌ တစ်လုံးနှင့် ၎င်းကျေးရွာအနီးရှိ လွယ်ရင်တောင် ၌ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့သို့ ဗုံးကျရောက်ပေါက်ကွဲမှု ကြောင့် နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်းဇရပ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၀ ရက်နေ့လည်း မိုးမိတ်မြို့နယ် အောင်မြေရွာအနီးသို့ စစ်ကောင်စီတပ် က ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် ရော့ကဒ် လက်နက်ကြီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲတိုမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိ ကြောင်းTNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media