သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၁
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကားဂိုဒေါင် ပျက်စီးခဲ့ကြောင်း ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်က ချောင်းဦးမြို့မရဲစခန်းအတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားဂိုဒေါင် ထိမှန်ပေါက်ကွဲပြီး ပျက်စီး ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီခန့်တွင် ထပ်မံ၍ ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား ၅ ဦးအနက် ၁ ဦးကို အနောက် မြောက်တိုင်း စစ်ဌာနချုပ်- နမခ တပ်ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။
“လက်နက်ကြီးကြောင့်ထိတာလား၊ ဒရုန်းကြောင့်ထိတာလားတော့ မသိဘူး။ ၅ ယောက်သေတယ်လို့ သတင်းရတယ်။ နမခထဲကို သယ်သွားတဲ့တစ်ယောက်က အရာရှိလို့တော့ ယူဆရတယ်။ သူ့ရဲ့ရာထူး၊ တွေနာမည်တွေတော့ မသိရဘူး။ သယ်သွားတယ်လို့ပဲ သတင်းရတာ။ ကျနော်တို့တိုက်ခိုက်တဲ့ အချိန် မှာ ပြန်လည်ပစ်ခတ်တာမျိုးတော့ မရှိပါဘူး။” ဟု ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ – CHU PDF မှ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် BLDF (LPDF) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media