သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၀
အကြမ်းဖက်စစ်အုပ်စုက မျိုးဆက်တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးပစ်နေ ပြီး နည်းလမ်းမျိုးစုံဖြင့် ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတင်ပြပြောဆိုလိုက်သည်။
အောက်တိုဘာလ ၈ ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သော အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော် မတီ) ၏ ဆွေးနွေးမှုအစီအစဉ်အမှတ် ၂၁၊ “အထူးအခြေအနေများ၌ ရှိနေသည့် နိုင်ငံများအုပ်စု” ခေါင်း စဉ်ဖြင့် အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း တစ်ခု မျှသာ မဟုတ်ဘဲ မျိုးဆက် တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီး နေ သည့် အကျပ်အတည်းလည်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် LDC အဆင့်မှ တက်လှမ်းနိုင်မည့် အလား အလာများကို ခြိမ်းခြောက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ စီးပွား ရေး လိုအပ်ချက်၊ အခွင့်အလမ်းရရှိရန် ခက်ခဲမှုနှင့် မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံရှိ လူငယ်(၄) ဦးတွင် (၁) ဦးသည် အလုပ်လက်မဲ့ဖြစ်နေပြီး၊ အသက် ၁၈ နှစ်မှ ၂၄ နှစ် အရွယ် လူငယ် (၄) ဦးတွင် (၃) ဦးသည် ပညာသင်ကြားနိုင်ခြင်း သို့မဟုတ် သင်တန်းတက်ရောက်နိုင်ခြင်း မရှိ ဟု ဖော်ပြထား သည်။
ထို့အပြင်လူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်နေကြရ ပြီး လူဦးရေ ၃.၆ သန်း မှာ နေရပ် စွန့်ခွာထွက်ပြေးနေရကာ လူဦးရေ ၂၂ သန်း နီးပါးမှာ လူသားချင်း စာနာမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် နိုင်ငံကို ပိုမိုဆိုးရွားသော အကြမ်းဖက် တိုက်ခိုက်မှု၊ ဆင်းရဲမွဲတေမှုနှင့် မတည်ငြိမ်မှုများဆီသို့သာ တွန်းပို့ မည်ဖြစ်ပြီး နိုင်ငံ၏ လက်ရှိဖွံ့ဖြိုးရေးဆိုင်ရာ နောက်ကြောင်းပြန်မှုများကို ပိုမို ကြာရှည် စေမည်ဖြစ် ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့အနေဖြင့် မြန်မာပြည်သူ လူထု၏ အနာဂတ်ကိုထောက် ထား၍ အကြမ်းဖက်စစ်အုပ်စု၏ လိမ်လည်လှည့်ဖြားသည့် လုပ်ငန်း စဉ်အပေါ် ၎င်းတို့၏ ရပ်တည် ဆောင် ရွက်ချက်များကို ပြန်လည်သုံးသပ်ရန် အလွန် အရေးကြီးကြောင်း၊ မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ဖြစ်သည့် နည်းလမ်းပေါင်း စုံဖြင့် ရပ်တန့်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။
မြန်မာနိုင်ငံအနေဖြင့် LDC အဆင့်မှ တက်လှမ်းရန် ကတိကဝတ်ကို လက်ရှိ စိန်ခေါ်မှုများ ကြားမှပင် ထပ်လောင်းအတည်ပြုကြောင်း၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်း သာယာဝပြော သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူ လူထု၏ ကြိုး ပမ်းမှုနှင့် သန္နိဋ္ဌာန်ကို ကူညီပံ့ပိုးပေးပါရန် နိုင်ငံတကာအသိုက်အဝန်းထံသို့ မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media