သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၉
မြန်မာနိုင်ငံတွင် လူလတ်တန်းစား ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မြို့ပြဆင်းရဲ မွဲတေမှုနှုန်းမြင့်တက် လာ၊ လူဦးရေ ၃ ဒသမ ၆ သန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
အောက်တိုဘာလ ၆ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပ သည့် အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော် မတီ (ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ် (General Debate) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် တရားမဝင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေး ကဏ္ဍ များတွင် ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးမှု တွေကြုံတွေ့ခဲ့ရပြီး UNDP ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ယခုအခါ နိုင်ငံ၏ ဆင်းရဲမွဲတေမှု မျဉ်း အောက်၌ နေထိုင်နေရကြောင်း၊ လူလတ်တန်းစားများ ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ မြို့ပြ ဆင်းရဲ မွဲတေမှုနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ ၃.၆ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာ နေရပြီး လူဦးရေ ၂၂ သန်း နီးပါးသည် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ လုပ်ခလစာ လုံလောက်မှုမရှိခြင်း၊ အထူးသဖြင့် လူ ငယ် အမျိုးသားများကို ပစ်မှတ်ထားပြီး အဓမ္မစစ်မှုထမ်းစေခြင်း တို့ကြောင့် လူငယ်များ အလုံးအရင်း ဖြင့် ပြည်ပသို့ ထွက်ခွာနေရသည်ဟု ဆိုသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ ကင်းမဲ့လာခြင်း၊ ကျွမ်းကျင်လုပ် သားများ ပြည်ပသို့ထွက်ခွာနေခြင်း၊ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းလာခြင်း၊ ပညာရေးနှင့်ကျန်း မာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖျက်ဆီးခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့သော ဖွံ့ ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက်လျက်ရှိကြောင်း သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည် မတည်တံ့ နိုင် ကြောင်း၊ မိမိတို့ပြည်သူများအတွက် အကျိုး မရှိလျှင် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အကျိုး ရှိသည်ဟု မမည်ကြောင်းနှင့် ဒေသခံများ၏ ထောက်ခံမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ သည် ရေရှည်မခိုင်မြဲနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေ ရှည် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရန် ခိုင်မာစွာဆုံးဖြတ်ထားသည့် မြန်မာ ပြည်သူလူထုကို ပံ့ပိုးကူညီပေးကြပါရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းထားသည်။
Thanlwin Myanmar Media