သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၈
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၄ လောင်းနှင့် လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီခန့်က ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်း မဲဇလီ-ဆည် တော် ကြိုးတံတားရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဂိတ် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်း ၄ လောင်း၊ လက်နက် ၆ လက်နှင့်ခဲယမ်းစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“၁၀ ယောက် ကျော်ကျော်ပဲရှိတဲ့ ဂိတ်ပါ။ ဘန်ကာထဲကနေ ခံပစ်နေလို့ ၁ နာရီခွဲလောက်အထိ ကြာသွားတာ၊ စစ်ကူလာတာမရှိဘူး။ အလောင်းက ၄ လောင်းပဲ တွေ့ခဲ့ရတယ်။ ကျန်တဲ့ စခတွေက လက်နက်စွန့်ပြီးထွက်ပြေးသွားလို့ လက်နက် ၆ လက်ရခဲ့တာပါ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေအားလုံး ဘေးကင်းခဲ့ပါတယ်။ လက်ရှိတော့ အဲဒီဂိတ်မှာ စခတွေ ပြန်ပြီးနေရာယူထားပါတယ်” ဟု မင်းဘူး ခရိုင်အမှတ် ၇ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုအောင်ဘ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ နှင့် ပွင့်ဖြူမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် လမ်းပိုင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပေးကြပါရန်နှင့် စစ်တပ်စစ်ကြောင်းနှင့်တွေ့ပါက ဝေးဝေးမှ ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန် မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media