သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၇
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဉ်းထောင်အတွင်း၌ ဆေးဝါးကုသမှု လုံလောက်စွာ မပေးသဖြင့် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကိုဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်း သားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
အောက်တိုဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅-က/ ပေါက်ကွဲ- ၅ တို့ ဖြင့် ထောင်ဒဏ် ၈ နှစ် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၄၈နှစ်အရွယ် နိုင်ငံရေးအကျဉ်း သား ကိုအောင်ကိုဦးသည် နှလုံး၊ ဆီးချို ၊ ကျောက်ကပ်ရောဂါများဖြင့် ကျဆုံးခဲ့ရကြောင်း သိရသည်။
ကိုအောင်ကိုဦးသည် ၂၀၂၁ အစောပိုင်းကာလတွင် အာဏာသိမ်းစစ်တပ်အား ငြိမ်းချမ်းစွာ ဆန္ဒပြ သည့် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရှင်မုတ္ထီးရွာ နေအိမ်၌ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရ သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ – ကနှင့် ပေါက်ကွဲ – ၅ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုကာ ထားဝယ် အကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
နဂိုမူလရောဂါအခံကြောင့် ထားဝယ်အကျဉ်းထောင်တွင်အကျဉ်းချခံရစဉ်ကတည်းက မကြာခဏ ဆေးဝါးကုသမှုခံနေရသူဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း တို့ကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောဆိုထားသည်။
အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ ရေး အကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး ၂၀ ဦး ကျဆုံးခဲ့ရပြီး နိုင်ငံရေးသမားများကို အကျဉ်း ထောင်များအတွင်း မတရားဖမ်းဆီးပြီးနောက် ဆေးဝါး စောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်း၊ အချိန်မီ ဆေးကုသခွင့် မပေးခြင်းများသည် လူသားတစ်ဦး ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media