သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၆
ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း လွိုင်လင်လေးဒေသရှိ လင်ဖုံ ကြီး ကျေးရွာဖက်သို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာခဲ့၍ ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်များနှင့် ၃ ရက်နီးပါးကြာ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ကြိုကြားဆက်၍ ဖြစ်ပွားနေကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် ၊ ဒေါငံခါးရပ်ကွက် နှင့် တနန်းဥကွိုင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်များ ဆက် လက်၍ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒရုန်း ဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကို လည်း ဆက်၍ လုပ်ဆောင်နေကြောင်း သိရသည်။
ဒီးမော့ဆို – ဖရူဆိုလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်များ နှင့် ကရင်နီ တော်လှန်ရေးတပ် များအကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်မှ အရာရှိဟု ယူဆရသူ အချို့သေဆုံးကာ စစ်ကား တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီတပ်များအတွင်း စစ်ယာဉ်တန်းကားများ ဖြန့်ခွဲ၍ စုဖွဲ့ထား ကြောင်း၊ ထို့အပြင် အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းအနီးရှိ ကျေးရွာများဘက်သို့ ထွက် ကာ ဘောလခဲဘက်သို့ဦးတည်၍ စစ်ကြောင်းအချို့ လှုပ်ရှားမှုများနေသောကြောင့် ထိတွေ့တိုက်ပွဲ များ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်၊ တောင်စလုံးကျေးရွာဘက်တွင်လည်း စစ်ကောင်စီနှင့် PNO တို့ပူးပေါင်း၍ တပ်ဖြန့်ထားပြီး အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်၍ တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များမှာ စက်တော်ရာ ၊ လွယ်ယင်း စသည့်ကျေးရွာများဘက်သို့ ရံဖန်ရံခါ စစ်ကြောင်းများထွက်၍ လှုပ်ရှားမှုများရှိသဖြင့် ကြိုကြားထိတွေ့မှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာလ ၃ ရက်နေ့က လွိုင်ကော်မြို့နယ် ၊ အရှေ့ဘက်ခြမ်း လွိုင်လင်လေးမြို့ အခြေစိုက် ခမရ ၅၃၀ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအားထိမှန်ခဲ့ကြောင်း၊ ထိုသို့ ထိမှန်မှုကြောင့် ကလေးငယ် တစ် ဦး မှာ ပခုံးထိမှန်၍ ကျန်တစ်ဦးမှာ လက်တစ်ဖက်ပြတ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အရပ်သားအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းများမှ စစ်ကောင်စီတပ်သား ၃ ဦး က ရင်နီ တော်လှန်ရေး တပ်ဖွဲ့များထံသို့ လက်နက်ခဲယမ်းများ နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့သည် ဟု ဆိုသည်။
ဒီးမော့ဆို ၊ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် လက်နက်ကြီး၊ ဒရုန်း နှင့် လေကြောင်း တိုက်ခိုက်မှုအန္တရာယ်များကို သတိရှိကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေသောဒေသများသို့ မလိုအပ်ပါက ခရီးသွားလာခြင်း များ မပြုလုပ်ကြရန် KNDF ဗဟိုက အထူးတိုက်တွန်းထားသည်။
Thanlwin Myanmar Media