သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၃၀
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အုန်းချောရွာအနီး ၈ ထပ်ရေတံခွန်၌ ရုရှားနိုင်ငံသားများအပါအဝင် ၅ ဦး ရေထဲမျောပါသွားပြီးအမျိုးသမီး ၂ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးနေပြီး ရုရှားနိုင်ငံသား အမျိုး သားတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာ အုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ ၈ ထပ်ရေတံခွန်တောင်သို့ ရုရှားနိုင်ငံသား များအပါအဝင် အမျိုး သား၊ အမျိုးသမီး ၁၄ ဦး သွားရောက် ရေကစားခဲ့ကြောင်း၊ ထိုသို့ ရေကစားနေစဉ် ၅ ဦးမှာ ၃ ထပ်ရေတံခွန်သို့ ပြုတ်ကျသွားကြောင်း သိရသည်။
“သေဆုံးသူ အမျိုးသမီး ၂ ဦးက မြန်မာနိုင်ငံသူတစ်ဦးနဲ့ နိုင်ငံခြားသူ တစ်ဦးပါ။ သွားတာက ၁၄ ယောက်သွားတာ ၅ ယောက်က ရေထဲဆင်းတာ၊ အခုလောလောဆယ်သေဆုံး ၂ လောင်းနဲ့ အသက် ရှင်လျက် ရုရှားနိုင်ငံသားတစ်ယောက်ကို ကယ်ထားနိုင်ခဲ့တယ်။ ဒီနေ့မနက်ကနေစပြီး ပျောက်ဆုံး နေတဲ့အမျိုးသမီး ၂ ဦးကို ရှာဖွေနေပါတယ်။ နိုင်ငံခြားသူတစ်ဦးနဲ့ မြန်မာနိုင်ငံသူတစ်ဦး ပျောက်ဆုံး နေတာပါ။ ကျန်တဲ့ ၁၄ ဦးအချက်အလက်ကတော့ မသိရပါဘူး။ တောင်ကျရေရုတ်တရက် ကျလာလို့ ပါတယ်တဲ့သဘော။” ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ရေတံခွန်သို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေး ယာဥ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ မြို့နယ်နှင့် နယ်မြေခံညီနောင်အဖွဲ့များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ညနေ ၅ နာရီ အချိန်တွင် အသက် ၄၃ နှစ်အရွယ် ရုရှားနိုင်ငံသား အမျိုးသား တစ်ဦးကို ခြေထောက်ကျိုး ဒဏ်ရာဖြင့်အသက်ရှင်လျက် ကယ် တင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ညနေ ၆ နာရီအချိန်တွင် သေဆုံးသူ မြန်မာနိုင်ငံသူတစ်ဦးနှင့် နိုင်ငံခြား သူ အမျိုးသမီး ၁ ဦးတို့ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေကယ်တင်နိုင်ခဲ့သည့် ညာခြေကျိုး ထိခိုက်ဒဏ်ရာရ ရုရှားနိုင်ငံသားကို မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်ကြီးမြို့နယ် – ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့) အသင်းကားဖြင့်လည်း ကောင်း၊ သေဆုံးသူ အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပု သိမ်ကြီးမြို့နယ် – စေတနာမွန်လူမှုကူညီရေးအဖွဲ့ (အုန်းချော)) ကားဖြင့်လည်းကောင်း ပြင်ဦးလွင် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Thanlwin Myanmar Media