သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၃၀
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းနေပြီး ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးကြပါရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦး ကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။
စက်တင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြု လုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေး နေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးတွင် ၎င်းက တောင်းဆို လိုက်ခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သည့် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲရလဒ်ကို အလေးမ ထားဘဲ ဒီမိုကရေစီ ကျကျ ပြည်သူများရွေးချယ်ခဲ့သည့် အစိုးရကို တရားမဝင် အာဏာသိမ်း ဖယ်ရှား ခဲ့သော စစ်အုပ်စုသည် လွတ်လပ်တရားမျှတ၍ အားလုံးပါဝင် သော ရွေးကောက်ပွဲ ကို ကျင်းပလိမ့် မည့် မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းအတွက် နိုင်ငံ တကာမှ ပံ့ပိုး ကူညီမှု တစ်စုံ တရာ ပေးအပ်ခြင်းသည် စစ်အုပ်စု၏ အန္တရာယ်ကြီးမားသော နျူကလီး ယား ရည်မှန်းချက် ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွားစေမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံသည် နျူးကလီးယားလက်နက် ကင်းစင်သော ကမ္ဘာကြီး တည်ဆောက် နိုင်ရေးဆိုသည့် စုပေါင်း ရည်မှန်းချက်အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုပါကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ် ဆုံးရှုံးမှုများကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ နှင့် အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်း ထောက်ပံ့မှု များကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးကြပါရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။
မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်းချခဲ့သော စစ်အုပ်စုသည် ငြိမ်း ချမ်းသော အရပ်ဖက်အသုံးပြုမှု အတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ် ကြောင်း၊ ပြည်သူပြည်သားများအပေါ် လွန်စွာဆိုးရွား သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ် အုပ်စုသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် နျူကလီးယားနည်းပညာကို အရပ်ဘက် အသုံးပြုမှု အတွက်သာ ဆောင်ရွက် လိမ့်မည် မဟုတ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက် နျူကလီးယားလက်နက် စမ်းသပ်မှု ပိတ် ပင်ရေးဆိုင်ရာ စာချုပ် (CTBT) သို့ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက် တား ဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) ကို လက်မှတ်ရေးထိုးခဲ့ခြင်းတို့သည် နျူးကလီးယား လက် နက် အလုံးစုံဖျက်သိမ်းရေးဆိုသည့် စုပေါင်းရည်မှန်းချက် ပြည့်မီရေး အတွက် တိုးတက်မှု ရှိစေခဲ့ ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင် အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားဆီး ပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) အား အတည်ပြု လက်မှတ် ရေးထိုးရေး လုပ်ငန်း အစီအစဉ်များ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစီအစဉ်များ တိုးတက်မှု မရှိခဲ့သည့် အပြင် တရားမဝင် အာဏာသိမ်းစစ်တပ်သည် မြန်မာပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ဆက်တိုက်ပြင်းထန်စွာ ကျူးလွန် လျက်ရှိနေ ကြောင်း သိရသည်။
ထို့အပြင် တစ်ချိန်တည်းတွင် တရားမဝင် အာဏာသိမ်း စစ်အုပ်စုသည် အန္တရာယ် ဖြစ်စေနိုင်သည့် နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက် ကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ ငြိမ်းချမ်း စွာ အရပ်ဖက်အသုံးပြုရန် ဟုသော အမည်တပ်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်လာနေကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media