သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၇
အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်စေရန် မိတ်ဖက် အင်အားစုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင် ခြင်း ၃၇ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်၏အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံ တကာနှင့်ပြည်သူလူထုကို ထပ်မံလှည့်စားရန်၊ နိုင်ငံရေးတရားဝင်မှုရရန် ရည်ရွယ်ကာ အာဏာလု စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်သောကြောင့် တရားဝင်မှုနှင့် တရားမျှတမှု လည်း ရှိမည်မဟုတ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်မခံ၊ အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက် မည်မဟုတ်ပဲ ယင်းအတုအယောင်ရွေးကောက်ပွဲ အကောင် အထည်မပေါ်ရန် မိတ်ဖက်အင်အားစုများ အားလုံးနှင့် ပူးပေါင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့နိုင်ငံရေးပြဿနာအရပ်ရပ်ကို ပြေလည်စေရေးအတွက် အာဆီယံအပါအဝင် အိမ်နီးချင်း နိုင်ငံ များ နှင့် မိတ်ဖက်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ နိုင်ငံ တကာအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို လတ်တလောပြေလည်စေရေးအတွက်သာ မဟုတ်ဘဲ ပြဿနာအရင်းအမြစ်ကို သိရှိရန် လိုအပ်ပြီး အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေမည့်ကိစ္စရပ်များအား ရှောင်ဖယ်၍ ပြည်သူလူထု၏ ဆန္ဒအပေါ် အခြေခံ၍ စဥ်းစားဆောင်ရွက်ကြမှသာ ရေရှည်ခိုင်မာသော တည်ငြိမ်အေးချမ်းမှုကို ရရှိ မည်ဖြစ်သည်ဟု ဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ သည် ပြေလည်မှုမရရှိနိုင်သောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေ နိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အားလုံးနှင့်အတူ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူများထဲမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ် သဖြင့် အာဏာရှင်အဆက်ဆက်တို့၏ မလိုမုန်းတီးစိတ်ထားဖြင့် မည်သို့ပင် တိုက်ခိုက်ချေမှုန်း ဖျက်ဆီးသည် ဖြစ်စေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
Thanlwin Myanmar Media