သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်၊ မင်းပလောင်ရွာ ၊ ညောင်ပင်သာရွာနှင့်ကျောက်တောကျေးရွာ တို့ကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် အလုံး ၅၀ ကျော်နှင့်စပါးကျီများ ဆုံး ရှုံးခဲ့ကြောင်း DANU STATE NATIONAL DEFENCE ARMY – DSNDA က ထုတ်ပြန်သည်။
ဩဂုတ်လ ၁၈ ရက်နေ့လည်ပိုင်းက ရွာငံမြို့နယ် ၊ ညောင်ပင်သာကျေးရွာနှင့် ကျောက်တောကျေးရွာ တို့ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁ စီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချ တိုက် ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ၄ ရက်ဆက်တိုက် လက် နက်ကြီး ကျည် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၁ ရက်နေ့တွင် ထပ်မံ၍ ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် အင်အား ၂၀၀ ကျော်ဖြင့် ညောင်ပင်သာကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုးခဲ့ကြောင်း၊ အလားတူ ကျောက်တောကျေးရွာကိုလည်း အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး ယင်းကျေးရွာ ၂ ရွာလုံး၌ တပ်စွဲထားခဲ့ကြောင်း သိရသည်။
ထိုသို့ တပ်စွဲနေထိုင်စဉ် အကြမ်းဖက်စစ်သားများက ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်း၊ ပြည်သူ့နေအိမ်များကို ဖျက်ဆီးခြင်း၊ ပြည်သူမွေးထားသော ကျွဲ၊ နွား၊ ကြက်အပါအဝင် အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း တို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျောက်တောကျေးရွာမှ ပြည်သူ့နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းပြန်ဆုတ်သွားကြောင်း၊ ထို့နောက် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အင်အား ၁၂၀ ခန့် ဖြင့် ထပ်မံစစ်ကြောင်းထိုးလာပြီး လယ်တောတဲများကို မီးရှို့ဖျက်ဆီးခြင်း၊ ကြက်ဝက်များကို သတ် ဖြတ်စားသောက်ခြင်းတို့ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျောက်တောကျေးရွာမှ ပြည်သူ့နေအိမ် ၂၃ လုံးနှင့် စပါးများသိုလှောင်ထားသော စပါးကျီများအားလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရ သည်။
ဩဂုတ်လတွင် ရွာငံမြို့နယ်မြို့နယ်၊ မင်းပလောင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာနှင့် ကျောက်တော ကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ စစ်ဘေးရှောင် စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ဘေးရှောင်တဲများကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ် ဆောင်ခဲ့သောကြောင့် ပြည်သူများမှာ ဒုက္ခအကြီးအကျယ်ခံစားနေရပြီး မိဘပြည်သူများအနေဖြင့် ဝိုင်း ဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media