သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အလားတူ ယနေ့ စက်တင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး နှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သပိတ်ကျင်းမြို့နယ်မှာဆိုရင် လမ်းလယ်ကျစ်ကျေးရွာနဲ့ ရေပူချောင်းကျေးရွာအနီးတဝိုက်မှာတော့ တိုက်ပွဲ တွေဖြစ်နေတာရှိတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်ကော်မရှင်ဘက်က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာတော်တော်များများကိုလည်း နေ့စဉ်နဲ့အမျှလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ် နေတာ တွေ့ရပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တနေ့တည်း သပိတ်ကျင်းမြို့ နယ်အတွင်း နေရာအနှံ့ကို Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ခန့်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အ ကြမ်းဖက် စစ်ကော်မရှင်တပ်က အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်ကာ အပြစ်မဲ့ ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်များကို ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော် (မန္တလေး) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media