သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၃
မကွေးတိုင်း၊ ချောက်မြို့မှ ရန်ကုန်သို့သွားရင်း ပေါ်တာဆွဲခံရသူ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။
ဩဂုတ်လ ၂ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်လက်အောက်ခံ ခမရ ၄၂၈ တပ်ရင်းမှ စစ်မှု ထမ်းတပ်သား စန်းဝင်းနိုင်သည် MA 1 အမျိုးအစား သေနတ် ၁ လက် နှင့် MA 3 အမျိုးအစား သေနတ် ၁ လက် စုစုပေါင်း လက်နက် ၂ လက်ယူဆောင်ကာ ထွက်ပြေးလာပြီး အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နာမည်က စန်းဝင်းနိုင်ပါ။ပေါ်တာစဆွဲခံရတာက ချောက်မြို့ကနေ ရန်ကုန်သွားတော့ ချောက်ဂိတ် မှာပေါ်တာစဆွဲခံရတာ။ ချောက်မြို့က ၁၃ တပ်ရင်းထဲမှာထားတယ်။ သုံးရက်လောက်။ ထားပြီးမှ ကျွန်တော်တို့ကို အဲဒီကနေ ရှမ်းပြည်နယ်ကျိုင်းတောင်းမြို့ကို ပို့ပါတယ်။ ရှမ်းပြည်နယ် ကျိုင်း တောင်းမြို့မှာ သုံးလ လောက် သင်တန်းတက်ရပါတယ်”ဟု အလင်းဝင်လာသူ တပ်သားစန်း ဝင်းနိုင်က ပြောကြားသည်။
အခြေခံစစ်ပညာသင်တန်း ၃ လတက်ပြီးနောက် လွိုင်ကော်မြို့သို့ ပို့ဆောင်လိုက်ပြီး ယင်းမှ တဆင့် ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာသို့ ပို့ဆောင်ခံလိုက်ရကြောင်း၊ ဒီးမော့ဆိုမြို့နယ်ရှေ့တန်းတနေရာ ၌ ထွက်ပြေးရန် အခွင့်အရေးသည်နှင့်တပြိုင်နက် ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သားကို KNDF တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး အ ကြမ်းဖက်စစ်အာဏာရှင် လူတစ်စုကောင်းစားရေးအတွက် ပြည်သူအားဆန့်ကျင်ကာ စစ်ကောင်စီ လက်အောက်၌ မတရားတာဝန်ထမ်းဆောင် နေရသောတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး တပ် များထံ အမြန်ဆုံးဘက်ပြောင်းကာ ပြည်သူနှင့်အတူ အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။
Thanlwin Myanmar Media