သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၉
နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက် စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီးဖြစ် ကြောင်း NUG ၊ အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှုများသည် တစ်နှစ်ထက် တစ်နှစ် တိုးလာပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏ အကြမ်းဖက် သတ်ဖြတ်မှု ကြောင့် သေဆုံးပြည်သူ (၁၃၃၅၃) ဦး၊ ထိခိုက်ဒါဏ်ရာရပြည်သူ (၁၆၉၄၃) ဦး နှင့် ဖမ်းဆီးထိန်းသိမ်း ခံရသည့် ပြည်သူ (၄၈၉၁၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စစ်အုပ်စု(စအစ) သည် စစ်တပ်ဗိုလ်ကျကြီးစိုးရေးဝါဒကို လက်ကိုင်ပြုလျက် နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းပိုက်ထားပြီးနောက် ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ အကြမ်းဖက် သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း နှင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရပ်ရပ်ကို နင်းချေဖျက်ဆီးလျက် အလုံးစုံပျက်သုဉ်းရေး ဦးတည်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။
စစ်ခေါင်းဆောင်များသည် မျိုးချစ်စိတ်အမှန်ရှိသူများ မဟုတ်ဘဲ စစ်ဝါဒ ကြီးစိုးခွင့်သာရမည်ဆိုလျှင် တိုင်းတပါးကျွန်ခံရန် ဝန်မလေးသူများဖြစ်ကြောင်း၊၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာစစ်အုပ်စုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council – SAC) အမည်မှ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် (State Security and Peace Commission – SSPC) အဖြစ် အမည်ပြောင်းလဲလိုက် သော်ငြား ၎င်းကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှု သမိုင်း ဆိုးများကို ဖျောက်ဖျက် ဖုံးကွယ်နိုင်မည် မဟုတ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။
ပြည်သူများအနေဖြင့် စစ်တပ်၏ ဗိုလ်ကျစိုးမိုးမှုကို အဆုံးသတ်ရန် နိုင်ငံရေးမျိုးဆက် တဆက်ပြီး တ ဆက် အသက်နှင့်ဘဝများ အရင်းအနှီးပြုလျက် ကြိုးပမ်းခဲ့ကြပြီး ယနေ့ နွေဦးတော်လှန်ရေးကာလ တွင် ပြည်သူများသည် စစ်ကျွန်ခံရသည်ထက် သေရသည်က ပိုမြတ်သည် ဟူသော ခံယူချက်ဖြင့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနေကြခြင်း ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
Thanlwin Myanmar Media