သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့နေသူ ပျူမျိုးမင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြော်ငး သာယာဝတီခရိုင်တပ် ရင်း ၃၈၀၂ ထံမှ သိရသည်။
ဩဂုတ်လ ၂၇ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊ အင်ပင်လှကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို အကြမ်းဖက်စစ်တပ်ထံ ဖုန်းဆက်သတင်းပေးနေသူ အုတ်မြို့နယ်၊ စဥ့်ကူးရွာနေ ပျူ မျိုးမင်းသူကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ်ရှင်းလင်းရာ နေရာမှာပင်သေဆုံးသွားပြီး ၄င်းထံမှ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မျိုးမင်းသူသည် ပျူစောထီး သင်တန်းဆင်း တစ်ဦး ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ များ၏ လှုပ်ရှားသွားလာမှုများကို စစ်တပ်ထံ သတင်းပေးခြင်း၊ ပြည်သူများမြို့ပေါ်သို့ သွားရောက် ရာ တွင် စစ်တပ်ထံ ဖုန်းဆက်သတင်းပေးကာ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ၂၀၂၄ ခုနှစ် ၁၁ လပိုင်းက ဖမ်းဆီးပြီး ထိုသို့မလုပ်ဆောင်ရန် သတိပေး၍ ပြန်လွတ်ပေးခဲ့ကြောင်း၊ သို့သော် လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအား ဆက်လက်ဒုက္ခပေးနေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ များကို ဒုက္ခပေးနေကြသည့် စစ်သားများအပြင် စစ်တပ်ထောက်တိုင်များကိုလည်း တိုက်ခိုက်သွား မည် ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန် ထားသည်။
Thanlwin Myanmar Media