ကဗျာကဏ္ဍ “လက်တွဲဖော်”

ကဗျာကဏ္ဍ “လက်တွဲဖော်”

ခွန်းနီ (ပခုက္ကူ)

ပျောက်နေတဲ့နံရိုးတစ်ချောင်းကို
စစ်ထဲမှာ လာတွေ့တယ်
ချစ်လိုက်ရတာ မာရီနာရယ်။

ဘဝရော အသက်ရော ထပ်လို့
အချစ်ကို စစ်ထံ အပ်ခဲ့ကြပြီး
တစ်နေ့ လက်ထပ်ကြမယ်တဲ့။

အခုတော့ ကြည်နူးနေချိန်ထက်
ကျည်ဖူးဝေချိန်က ပိုများလို့
ကျန်နေ​သေးတဲ့ နံရိုးတွေကို ပြန်စမ်းနေရ။

တူးခါးနေအောင်မုန်းတဲ့ စစ်ထဲ
ရူးသွားအောင် ချစ်ခဲ့ကြသူတွေ
ဘယ်လောက်တောင် များခဲ့သလဲ။

ကိုယ်တို့ရဲ့ မြတ်နိုးမှုပန်းတွေကို
ဒီစစ်ကြီးထဲ မလန်းစေချင်ပေမဲ့
မင်းရော ကိုယ်ရော နမ်းခဲ့ကြပြီးပြီ။

လွမ်းရတဲ့ အချိန်တွေမှာ
နံရိုးတွေကို ဂရုစိုက်ပါ
ဦးခေါင်းခွံတွေကို ဂရုစိုက်ပါ
ကိုယ်တို့တော်လှန်ရေးကို ဂရုစိုက်ပါ။

မင်းကိုယုံတယ် မာရီနာ
ကိုယ့်လက်ကိုဆွဲပြီး အဆုံးထိလျှောက်ရအောင်
အရုပ်ဆိုးအကျည်းတန်တဲ့ စစ်ပွဲတွေထဲ
မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာတွေရှိခဲ့ကြောင်း
ကိုယ်တို့ ထပ်လောင်းပြရမယ်။

 

ခွန်းနီ (ပခုက္ကူ)

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ဖျားနာမှု ရက်စွဲများ”

ကဗျာကဏ္ဍ “ဖျားနာမှု ရက်စွဲများ”

ခွန်းနီ (ပခုက္ကူ) ရင်တွင်းက ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အခါ ဘယ်စောင်မှ မလုံဘူး ဘယ်လောက်ခြုံခြုံ မဖြုံဘူး ထမင်းစားရေသောက်လို ရောက်ရောက်လာတဲ့ ရောဂါပဲ။ ရဲဘော်ရဲဘက်စိတ်တစ်ခုတည်းနဲ့ ရအောင်ထွေးရတယ် အမေ့ရင်ငွေ့နဲ့ ဝေးလာတဲ့ကောင်တွေ ညီအကိုစိတ်နဲ့ပဲ နွေးရတယ်။ သြော်  ငှက်ဖျားတဲ့ အမှတ်ရစရာ ရက်များပေါ့ကွာ မင်းတို့ဖျားတော့ ငါပြုစု ငါဖျားတော့ မင်းတို့ပြုစု...