သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၇
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးအရှိန် အဟုန် မြှင့်တင်နိုင်ရန် အထူးတိုင်းစစ်ဌာနဖွဲ့စည်းကြောင်း NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ အထူးတိုင်းစစ်ဌာနက ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို အရှိန်အဟုန်ဖြင့်တိုးမြှင့်တိုက်ခိုက်နိုင် ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများကို စနစ်တကျ စုဖွဲ့မှု ပြုလုပ်၍ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးတိုင်းစစ်ဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု အောက် ၌ ရှိပြီး အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော တိုင်းစစ်ဌာန ဖြစ်ကြောင်း သိရသည်။
အထူးတိုင်းစစ်ဌာနအနေဖြင့် တိုင်းစစ်ဌာနကွပ်ကဲမှုအောက်တွင်ရှိသော နည်းဗျူဟာများ၊ တပ်ရင်း များ နှင့် တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များကို ဦးစီးကွပ်ကဲလျက် မဟာမိတ် EROs တပ်ဖွဲ့များ၊ LPDF များနှင့်အတူ စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် အထူးတိုင်းစစ်ဌာန Facebook Page စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တိုင်းစစ်ဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ စစ်ဆင်ရေးဆောင်ရွက်ချက်များနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား ပြည်သူလူထုသို့ အချိန်နှင့်တပြေးညီ တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media