သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့အနီးပတ်ဝန်းကျင်နေရာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းက ဖားကန့်မြို့၊ ဗျူဟာကုန်း၊ မရှီကထောင် တရုတ်ဘုံကျောင်း ထိပ်နှင့် အေးမြသာယာ အရှင်ကြီးကုန်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများက လက်နက် ကြီး၊ ဒရုန်းတို့ ဖြင့် ဖားကန့်မြို့အနီးပတ်ဝန်းကျင်ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက် ခိုက်မှုများအတွင်း ည ၇ နာရီ ၃၀ မိနစ်အချိန် ပစ်ခတ်သောလက်နက်ကြီးတစ်လုံးသည် ဖားကန့်မြို့ မဏိဇေယျုံဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၂ ပါး ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ည ၁၂ နာရီတွင်လည်း ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာအတွင်း ကျရောက်ပေါက် ကွဲသော လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး၊ လုံးခင်းကျေးရွာအုပ်စု ၊ ဆွတ်အိန်ယာန်(အလယ် စခန်း)၌ ကျရောက်ပေါက်ကွဲသော လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး စုစု ပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြို့ဧရိယာက စခတွေလက်ထဲမှာပါ။ မြို့ထဲကနေ မြို့ပြင်ကို ရမ်းသမ်းပစ်နေတာဖြစ်ပါတယ်။ တိုက် ပွဲဖြစ်တာလည်း မရှိပဲ သူတို့ တပ်စွဲထားတဲ့နေရာကနေ ပစ်ခတ်နေတာဖြစ်ပါတယ်” ဟု ဒေသသတင်း ရင်းမြစ်က ပြောကြားသည်။
ဖားကန့်မြို့တွင် အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၇၀ ကျော် ရှိလာပြီးဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၀၀ ဦးကျော်ရှိနေကြောင်း သိရသည်။
Thanlwin Myanmar Media