သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၂
တရားမဝင်မြန်မာစစ်အုပ်စုက ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက)” ၏ အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းရေးကော်မရှင် (နလက)” အဖြစ် ပြောင်းလဲလိုက်ခြင်းသည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှား နိုင်ရန် မလိမ့်တပတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Justic For Myanmar က ထုတ်ပြန်သည်။
ဇူလိုင်လ ၃၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ်သာမက၊ ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နစကကို ဖျက်သိမ်းခဲ့ပြီး၊ နလငကနှင့် အစားထိုးခဲ့ကြောင်း၊ နစက ကဲ့သို့ပင်၊ နလက ၏ “ဥက္ကဌ” “ဒုဥက္ကဋ္ဌ” တို့မှာ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျ တို့၏ ဒဏ် ခတ်ပိတ်ဆို့ချမှတ်ခံထားရသော စစ်ရာဇ၀တ်ကောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ဖြစ် ကြောင်း ထောက်ပြထားသည်။
ထို့အပြင် နလငက အဖွဲ့ဝင် ၁၀ ဦးစလုံးသည် အနည်းဆုံး တရားစီရင်ပိုင်ခွင့်တစ်ခုတွင် ပိတ်ဆို့ အ ရေးယူခံထားရပြီး ၎င်းတို့အားလုံးသည် ဇူလိုင် ၃၁ ရက်မတိုင်မီအထိ အကြမ်းဖက်စစ်အုပ်စု၏ အကြီး တန်းအဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။
“နစက ကနေ နလငက လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ် လုပ်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာ တဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင် လောင်းလျာတွေကို ရင်ဆိုင်အံတုဖို့အတွက် အလွန်တရာအရေးပါပြီး၊ အစိုးရတွေအနေနဲ့ကိုယ့်ရဲ့ဒဏ် ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်။” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
ဇူလိုင်လ ၃၁ ရက်နေ့ နလငက ဟု နာမည်ပြောင်းပြီးကတည်းက စစ်အုပ်စုသည် အဆင်ခြင်မဲ့ လေ ကြောင်း တိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများ၊ တရားလက်လွတ်ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရပ်ရွာလူထုတစ်ရပ်လုံးကို ဖျက်ဆီးမှုများဖြင့် မြန်မာပြည်သူလူထုအပေါ် ပစ်မှုထားသည့် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးလှုပ်ရှားမှုမှာ ပိုမိုဆိုးရွား ပြင်းထန်လာခဲ့ကြောင်း JFM က ထောက်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီ (ခေါ်) နစက အဖွဲ့အား ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုကလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ယူကေနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အီးယူကလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကနေဒါနိုင်ငံကလည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခြင်း ဥပဒေများအား ထိန်းချုပ်မှုနှင့် ပိုင်ဆိုင်မှုအပေါ် လေ့လာ ဆန်းစစ်မှုအရ နစကအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ယင်းအဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပြီးယင်းတို့တွင် စစ်အုပ်စုက အကြမ်းဖက် အာဏာသိမ်းကြိုးပမ်းမှုဖြင့် တရားမဝင် ထိန်းချုပ်ထားသည့် ဝန်ကြီးဌာန များနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများလည်း အပါအဝင် ဖြစ်ကြောင်း အသိပေးထားသည်။
နစကအား ဖျက်သိမ်းပြီး နလငကအဖြစ် ဖန်တီးဖြစ်ပေါ်လာခြင်းကြောင့် မကြာသေးမီက စစ်အုပ်စုမှ အမေရိကန်အခြေစိုက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကုမ္ပဏီ DCI Group အား ငှားရမ်းနိုင်ခဲ့ခြင်း ဖြစ် နိုင်ပြီး အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၃ သန်းတန် ကြေးရှိ တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီးကြောင်း သိရသည်။
စစ်အုပ်စု၏ နိုင်ငံတကာပုံရိပ်ကို ခဝါချသန့်စင်ရန် ကြိုးပမ်းမှုတစ်ရပ်ပင် ဖြစ်ပြီး DCI က စစ်အုပ်စု၏ အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေအဖြစ် အများပြည်သူပိုင် မြန်မာ့သဘာ၀သယံဇာတများကို ဆက်လက်လုယူ အသုံးချကာ စစ်အုပ်စုကို ကူညီပေးရန်လည်း ကတိပြုထားကြောင်း သိရသည်။
ထိုသို့အချိန်ကိုက်ဆောင်ရွက်မှုသည် ကြိုတင်စီစဉ်ခြင်းဖြစ်ပြီး နစကအား မဖျက်သိမ်းမီ ရက် သတ္တ ပတ်များအလို ဇူလိုင်လ ၄ ရက်နေ့တွင် DCI အုပ်စုနှင့် အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော် လည်း နစကအား ဖျက်သိမ်းသည့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်မှ အသက်ဝင်စေခြင်းသည် ဒဏ်ခတ် ပိတ်ဆို့မှုများ၏ ကယ်ပေါက်ကို အသုံးချခြင်း ဖြစ်နိုင်ကြောင်း JFM က သုံးသပ်ထားသည်။
ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် တရားမဝင်စစ်အုပ်စုအား ပြတ် သားသည့် ပိတ်ဆို့အရေးယူဆောင်ရွက်မှုများ ဆက်လက်တည်ရှိနေစေရန်နှင့် ပိတ်ဆို့အရေးယူမှုများ ကို ရှောင်တိမ်းခြင်းမှ တားဆီးရန်အတွက် နလငကကို ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် အ ရေးပေါ်ထည့်သွင်းရန် လိုအပ်နေပြီဖြစ်ကြောင်း၊ သြစတြေးလျသည် နလငကနှင့် စစ်အုပ်စု၏ ဘဏ္ဍာ ငွေများ၊ လက်နက်များ၊ နည်းပညာနှင့် လေယာဥ်လောင်စာဆီများ ရင်းမြစ်များအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထိန်းသိမ်းရာတွင် ၎င်း၏ အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ပါကြောင်း JFM က တောင်းဆိုထားသည်။
“ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ နလငက အပေါ် အမြန်ဆုံး ဒဏ် ခတ်ပိတ်ဆို့ပြီး စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ ညှိနှိုင်းချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်နိုင် ရေး တိုးမြှင့်အားထုတ်လုပ်ဆောင်တာတွေနဲ့ တုံ့ပြန်ရမှာပါ။ သြစတြေးလျအနေနဲ့ နလငက ကို ဒဏ် ခတ်ပိတ်ဆို့ပြီး ၎င်းရဲ့ မဟာမိတ်တွေ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လိုက်ပါဆောင်ရွက် ခြင်းအားဖြင့် မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ရမှာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
Thanlwin Myanmar Media