မောင်နိုင်ထူး
“အောက်ပြည်အောက်ရွာ ဆိုတော့ ပေပင်၊ ထန်းပင်က ရှားပါးတယ်လေ။”
“ထန်းရည်စစ်စစ် ချည်းရောင်းနိုင်ဖို့က ခက်ခဲတယ် မဟုတ်လား ။”
“အဲဒီတော့ ဆန်ဆေးရည် လေး ၊ ဆေးသကြားလေးနဲ့ ဥာဏ်ကူရတယ်ဆိုလားပဲ။”
“ကြားဖူးတာပါ။”
“ကိုယ်မှ မမြင်ဘူး ပဲ ။”
မပုတင် တစ်ယောက်လင်ယောက်ျား ကလည်း ဆုံးပြီးတော့ သားသမီး သုံးယောက်ရှာကျွေးရင်း ရွာနဲ့ မနီးမဝေးက လယ်ကွင်းတွေကြား ညောင်ပင် အရိပ်ကောင်းကောင်းအောက်မှာ ထန်းလက်တဲလေး ဆောက်ပြီး ထန်းရည်ဖောက်သည်ယူရောင်းသတဲ့ ။
ထန်းရည်ထက် လယ်တောက ရတဲ့ ကြွက်၊ ငါးရှဉ့်၊ တခါတလေ စာကလေးကြော် စတဲ့ အမြည်းကို အဓိက ဦးစားပေးရောင်းတာပါ။
စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ နီးတော့ အရပ်သားတွေ လာသောက်လိုက် ၊ကျောင်းသားတွေ အဖွဲ့ တွေ လာသောက်လိုက်နဲ့ ဒေါ်ပုတင်ရဲ့ ထန်းရည်ဆိုင်လေးက နေ့ချင်းညချင်းအတော်စည်ကားလာ တာပေါ့။
နွေဦးရာသီ သစ်ရွက်တွေက ကြွေကျ လက်ပံတွေ ရဲပဒေါင်းခပ်အောင်ပွင့်လို့ ၊ ဥသြတွေ တွန်ကြူးလို့ လွမ်းစရာ အချိန် ဒေါ်ပုတင်တို့ ထန်းထဲ လေးက တကယ့် အလွမ်းဖြေစရာဂေဟာလေးတစ်ခု ဖြစ်နေ သတဲ့ ။
လယ်တော စပါးခင်းဆီက ဖြတ်သန်းတိုက်ခပ်လာတဲ့ စပါးရနံ့သင်းသင်း လေနုအေးလေးတွေ၊ စပါး ခင်း တွေဆီသွယ်ထားတဲ့ ဆည်မြောင်းရေစီးသံလေးတသွင်သွင်နဲ့ တကယ့် တောသဘာဝ စစ်စစ်ရဲ့ အရသာကိုဖော်ကြူးနေတဲ့ နေရာလေးတစ်ခုပေါ့။
တစ်နေ့ဖြိုးမောင်မောင်တို့ သူငယ်ချင်း ကျောင်းသားတစ်စု ထန်းရည်မှာသောက် ကြွက်ကြော်လေး မြည်းရင်း ဆေးလိပ်ဖက်ကြမ်းလေးခဲလိုက် ၊ သီချင်းလေးဖွင့် လိုက်၊ ဂစ်တာလေးတီး လိုက် သီချင်း လေးဆို လိုက်နဲ့ တော်တော်ဟန်နေကြသတဲ့ ။
ထန်းရည်ဆိုတဲ့ အမျိုးက သောက်ပြီးရင် လေလေးတဖြူးဖြူးနဲ့ဆို ပိုမူးတတ်တဲ့ အမျိုးလေ။
မကြာပါဘူး။
ဖြိုးမောင်၊ ပြောင်ကြီးတို့တစ်သိုက် ထန်းရည်လေး သုံးလေးမြူ အကုန်မှာ မူးမှောက်ပြီး ထန်းတဲမှာ ခင်းထားတဲ့ ဖျာပေါ်မှာပဲ အိပ်ပျော်သွားကြသတဲ့ ။
အဲဒီတော့ နောက်ရောက်လာတဲ့ ဧည့်သည်တွေ နေရာမရှိတော့ ဒေါ်ပုတင်တစ်ယောက် ဒေါသနဲ့ ထဆဲပါ လေရော။
“အဖြစ် မရှိ တဲ့ သောက် ကလေးတွေ ငါဒီလောက် ရေရောထားတာတောင် ဒင်းတို့ က မူးနေကြ သေးသတော့” ဟူသတည်း။
အဲဒီလို ဒေါ် ပုတင် စကားကြားလိုက်ရတဲ့အချိန်မှာ
ထန်းရည်သောက်ဖို့ရောက်လာတဲ့ သူတွေမှာ
“ထပဲ ပြန်ကြရတော့ မလိုလို”
“ရေရောထားတဲ့ ထန်းရည်ကြီးကို သိသိကြီး ဆက်ပြီးသောက်ရတော့ မလိုလိုနဲ့။”
ပြုံးပြုံးစိစိနဲ့ အကြပ်ရိုက်နေကြသတဲ့လေ။
မောင်နိင်ထူး
Thanlwin Myanmar Media