ဒီခေတ်ရှား
သို့/
မယဥ်ချောမေ
(၁) “တစ်ယောက်ရဲ့ အထိအရှကို
တစ်ယောက်က မကြည့်ရဘဲ
အိုမင်းသွားချင်ရင်
အဲ့တာကို အချစ်လို့ခေါ်တယ်”
မယဥ်ချောမေ။
ဒီကာလကြီးမှာတော့
အထိအရှကို မကြည့်မနေရကို
ကြည့်နေရတာ။
ပေါင် ၅၀၀ ကြောင့် ကွာကျခဲ့ရတဲ့
အသက် ၅၀၀ လူမစုံတဲ့ ထမင်းဝိုင်းထဲက
မျက်ရည်စမ်းတဲ့ ထမင်းတွေ
ပန်းကလေးတွေ မပွင့်ဘဲ
ကျောင်းကလေးမှာ ကြွေလွင့်ခဲ့ရတဲ့
သန်းခြောက်ဆယ်ရဲ့ ဂုဏ်ထူးဆောင်လေးတွေ
နောက်ပြီး
လည်ပင်းနား တဝဲတည်းဝဲနေတဲ့
နီးရာဓါးတွေပေါ့။
(၂) မယဥ်ချောမေရေ
လူတစ်ယောက်ရဲ့ အသက်ကို
လူတစ်ယောက်က စီမံတယ်ဆိုတာလည်း
တစ်နည်းအားဖြင့်
အာဏာရှင်ဆန်တာဘဲမဟုတ်လား။
စစ်မြေပြင်ထဲ တကယ့်တကယ်
အသက်ကိုခင်း နင်းကြတဲ့အခါ
စစ်နဲ့မဆိုင်သူတွေလည်း
ဆိုင်လာကြရတာပဲ။
သေမင်းတံခါးကို
ငလျင်လာခေါက်တော့
လူ့သက်တမ်းတွေ ကျွံကျရတဲ့အခါ
သဘာဝတရားကြီးဟာလည်း
ရန်သူပါဘဲ မယဥ် ချောမေရယ်။
လူလုပ်ဘေး သဘာဝဘေး ရောဂါကပ်ဘေး
ဘေးပေါင်းစုံလင်နေတဲ့ ဒီတိုင်းပြည်မှာ
ကောင်းတဲ့အရာတိုင်းဟာ ဒီတိုင်းပြည်နဲ့
ဝေးဝေးရပ်သလားမှတ်ရ
ကောင်းတဲ့အရာတိုင်းကနေလည်း
ဒီတိုင်းပြည်ကိုယ်တိုင် ပြေးပြေးထွက်သလားထင်ရ…။
(၃) နိုင်ငံရေးသမားတော်တွေဟာ
ခေတ်တစ်ခုလုံးကို ပြာချပြီး
သွေးနဲ့ ရောသောက်ခိုင်းတယ်။
အကြီးစားဂျင်းစိမ်းတွေကြောင့်
ကျွန်တော်တို့မှာ
မိတ်သလင်ဖြစ်ခဲ့ရပေါ့။
ပြည်တွင်းစစ်ဆိုတာလည်း
ကိုယ့်ခြေထောက်နဲ့ကိုယ်
ခလုတ်တိုက်ခြင်းဘဲ။
သခင်မျိုးတွေ
သခင်လိုမနေနိုင်တာလည်း
သခင်တိုင်းပြည်ထဲမှာ
သခင် လုခဲ့ကြလို့မဟုတ်လား။
(၄) ဒီကာလမှာ
အညာဟာ သိပ်သနားစရာကောင်းတာ
မယဥ်ချောရဲ့။
အသက်နဲ့ခန္ဓာ မြေသြဇာဖြစ်ရတော့လည်း အညာ
အချမ်းပြေဖို့ အိမ်ကို မီးထည့်လှုံခံရတော့လည်း အညာ
သေနတ်အတွက် အသက်ကိုထပ်ရတော့လည်း အညာ
အကျယ်ချုပ်ကျနေတဲ့ မျဥ်းစောင်းလေးထဲ
အညာက ထွက်တဲ့ဝါးနဲ့ ပြန်တားခံရတဲ့ အညာ
ကျွဲနှစ်ကောင်ကြားက မြေဇာပင်ဖြစ်ရတဲ့ အညာ
အဲ့ဒီလို နိုင်ငံရဲ့ ကျောထောက်နောက်ခံအညာဟာ
နိုင်ငံရဲ့ ကျောနောက်ကို ပို့ခံထားရရှာတယ်။
မယဥ်ချောမေရေ
ခေတ်ပျက်ကြီးရဲ့
အဆိုးဆုံးဇာတ်ဝင်ခန်းတွေကို ကြည့်ချင်ရင်
အညာကို လက်မလွတ်မိစေနဲ့။
မိရိုးဖလာ တောင်သူယာလုပ် အညာဟာ
ခေတ်တစ်ခုလုံး
သူ့ပခုံးနဲ့ထမ်းတင်ပေးခဲ့သလို
တောနင်းဘွတ်ဖိနပ်စီးပြီး
မြွေအန္တရာယ်ကို ကာကွယ်လို့ရတာသိပေမဲ့
ထိရုံနဲ့ ပေါက်တတ်တဲ့မျိုးစေ့တွေကိုလည်း
ဆူးအမှတ်နဲ့ နင်းခဲ့ရပါတယ်။
တော်လှန်ရေးသမားနဲ့
ဖက်ဆစ်မိစ္ဆာရောပြွန်းနေတဲ့ခေတ်မှာ
တစ်ဖက်ထဲကို ရပ်တိုင်းလည်း
တရားမျှတမှုကို လိုလားသူပါလို့
ကျွန်တော် မမှတ်ယူရဲတော့ဘူး
မယဥ်ချောမေရေ။
သူတို့ကိုယ်တိုင်
ဘီးတပ်ပေးလိုက်တဲ့ အဆင်းတွေနဲ့
ဂျိုတပ်ပေးလိုက်တဲ့ မြင်းတွေ
ထိန်းမနိုင် သိမ်းမရဖြစ်ကြတော့
အညာကပြည်သူတွေမှာ
ကြိတ်မနိုင် ခဲမရဖြစ်မိတယ်။
မယဥ်ချောမေရေ
ပြစရာရှိရင် အညာကိုပြပြီး
ရစရာရှိရင် အညာက မရရှာဘူးတဲ့။
ညာပြီးရင်း အညာခံနေရတဲ့ အညာဟာ
လှည်းဘီးရာအတိုင်း ကွက်သေနေကြတဲ့
အသက်ပြင်းပြင်း ဆင်ငိုမြက်တွေလိုပေါ့…။
အညာသား လည်တယ်ဆိုတာလည်း
ရွာဦးကျောင်းက
ကြေးစည်ထုသလောက်ပါဘဲ။
(၅) မယဥ်ချောမေဟာ
သိပ်အိန္ဒြေကြီးတယ်၊ သိပ်ကျက်သရေရှိတယ်
တည်ကြည်ရှင်းသန့်တဲ့ အသွင်ဆောင်တယ်။
မိုးဦးကျ စံပယ်တွေ
အပင်မှာဝေသလို
မယဥ်ချောမေအပေါ်မှာလည်း
ဝေခဲ့ရပေါ့ ကျွန်တော့်မေတ္တာတွေ…။
လက်ကောက်ဝတ်မှာ စွပ်ထားတတ်တဲ့
ခေါင်းစည်းကွင်းလေးရယ်
နားသယ်စပ်မှာ ညှပ်ထားတတ်တဲ့
ဇီဇဝါပွင့်ဖြူလေးရယ်
စူပါကပ်ဆိုင်ကယ်လေးရယ်
ပျံလွင့်နေတဲ့ ဆံသားညိုညိုလေးတွေရယ်
အမှတ်တရတွေဟာ အသက်တမျှပါဘဲ
မယဥ်ချောမေရေ။
ပြင်သစ်ကဗျာဆရာ
ဟင်းစ်အာပ်ဆိုတာ ရှိခဲ့ဖူးတယ်
မယဥ်ချောမေရဲ့။
သူဟာ ပထမကမ္ဘာစစ်ကြီးဖြစ်တော့
သူချစ်ရတဲ့ မိန်းကလေးနဲ့အတူ
ဇူးရစ်မှာရှိတဲ့
ဘောလ်တဲရား ရိပ်မြုံလေးဆီ
စစ်ရှောင်ခဲ့ကြသတဲ့။
မယဥ်ချောမေ လက်ကိုဆွဲပြီး
ချင်းမိုင်၊ မဲဆောက်ဘက်အခြမ်းဆီ
အေးအေးဆေးဆေးနေဖို့
စိတ်မကူးတတ်ခဲ့တဲ့
ငတုံးငအလေးဟာ ကျွန်တော်ပါ။
အင်တာနက်လိုင်းမိ၊ လက်ပ်တော့ပ်တစ်လုံးရှိရင်
ဝန်ကြီးဖြစ်လို့ရတဲ့ခေတ်မှာ
မီးကျိုးမောင်းပျက် ဗျူရိုကရက်ကိုလည်း ချစ်ခဲ့ရ…
တော်လှန်သူလို့အမည်ခံ
ဂျိုလေးတမြမြ၊
အာဏာလေးတပြပြတွေကိုလည်း
နားလည်ခဲ့ရ…။
မေတ္တာစာတွေ ပို့တိုင်းရောက်ပြီး
သံယောဇဥ်တွေ လက်လှမ်းတမှီရှိတဲ့ရက်တွေမှာ
မယဥ်ချောမေကို
ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေအကြောင်း
ပြောပြချင်တယ်။
လီနင်ဟာ ရုရှားတော်လှန်ရေးကို
ပြည်တွင်းမှာဘဲ လုပ်ပြခဲ့သလို
ဟိုချီမင်းလည်း ပြင်သစ်ကနေ
ဗီယက်နမ်ပြန်လာပြီး တော်လှန်သွားခဲ့တာ
ရဲဘော်ချေ၊ ကတ်စထရိုတို့လည်း
မက္ကဆီကိုကနေ ကျူးဘားပြန်ဝင်ပြီး
ပြည်သူနဲ့အတူ တော်လှန်ခဲ့ကြသတဲ့
မယဥ်ချောမေရဲ့။
တကယ်တော့
ပြည်သူ့အသံဆိုတာ
ပြည်သူကြားအတူသွားနေမှ
အစစ်အမှန်ကြားရမှာ မဟုတ်လား။
ပြည်သူ့ဆန္ဒဆိုတာလည်း
ပြည်သူနဲ့အတူရှိနေမှ
မျက်ဝါးထင်ထင်သိရမှာ မဟုတ်လား။
ရင်ဘတ်ချင်းအပ်၊ ကျောချင်းကပ်ထားတာဆိုပေမဲ့
ရင်ဘတ်ချင်းမနွေး၊ ကျောချင်းဝေးနေရင်တော့
မိအေးလည်း အကြိမ်ကြိမ်နာရဦးမှာ…။
မယဥ်ချောမေရေ
အလောင်းအထပ်ထပ် ခေါင်းအပြတ်ပြတ်နဲ့
ကိုယ့်အရိပ်ကိုယ် ပြန်ကြောက်နေရတဲ့အညာဟာ
ဒုတိယကမ္ဘာစစ်ထဲက
နာကာဆာကီအတိုင်းဘဲ။
(၆) ဘုရားရှိမခိုးမိတဲ့ နေ့တွေ
သရဏဂုံ အာဂုဏ်မဆောင်မိတဲ့ညတွေ
များနေတဲ့ ကျွန်တော့်ကို
ဘုရားတရားမမေ့ဖို့ သတိတရ ပြောသလိုပေါ့
မယဥ်ချောမေကိုလည်း ကျွန်တော် မှာချင်တယ်။
ကောက်ရိုးမီးစိတ်နဲ့ လုပ်ရပ်ရှိသူတွေကို ရှောင်
လူအုပ်ကြီးဝါဒအပေါ် သံယောင်လိုက်သူတွေကို ရှောင်
တစ်ပါးသူအလိုမတူဘဲ အတင်းအကျပ်ရယူတတ်သူကို ရှောင်
မျက်ရည်ပေါက်ကြီးငယ်ကျမှ ကိုယ်တည်မြဲရမဲ့ တပ်မက်မှုတွေကို ရှောင် ဘာကြောင့်လက်နက်ကိုင်တယ်ဆိုတာကိုမေ့ပြီး
ပြည်သူ့ဂုတ်သွေး ပွဲတော်တည်သူတွေကို ရှောင်
ပြည်သူ့ချွေးနှဲစာနဲ့ ဝယ်ထားတဲ့
ဇိမ်ခံကားလှလှကြီးတွေကို ရှောင်
သယံဇာတကို နင်းထားပြီး
တရားဝင်မှုနဲ့ ငြင်းပြသူတွေကို ရှောင်
သေပြီးသား ပြည်သူ့ဘဝတွေကို
ထပ်ထပ်သတ်ချင်သူတွေပါ ရှောင်နော်။
ဘယ်သူသေသေ မာနေကြဦးမဲ့ ငတေတွေအပြည့်…
ဘယ်သူမီးလောင်လောင် ချနင်းဖို့
သားကောင်ရှာနေသူတွေအပြည့်…။
ကာလ၊ ဒေသကတောင်းဆိုလာရင်လည်း
ရှောင်ပြ၊ တိမ်းပြ လိမ္မာပြစရာတွေ
ထပ်ရှိလာဦးမယ်
မယဥ်ချောမေရဲ့။
မယဥ်ချောမေ
ထိမှာ၊ ရှမှာနဲ့ မတော်တဆ ငြိပါသွားမှာကို
စိတ်ကူးနဲ့တောင်
မတွေးဝံ့သူဟာ ကျွန်တော်ပါ။
(၇) မယဥ်ချောမေရေ
အမှန်တွေ အများကြီးလုပ်ဖို့
အမှားတွေ အများကြီးနဲ့
ကြုံကြိုက်ခဲ့ရမယ်မလား။
မှားသင့်သလောက်လည်း မှားခဲ့ပြီမို့
ထားသင့်တာတွေ ထားခဲ့ပြီး
ရှေ့ဆက်ကြရမှာပေါ့။
မပြိုဘဲ လဲရတဲ့ဘဝတွေအတွက်
ဖေးမမှုတွေလိုတယ်
မငိုဘဲ ဝဲရတဲ့မျက်ရည်တွေအတွက်
မျက်ရည်သုတ်ပေးမဲ့
လက်တွေလိုတယ်။
ဦးဆောင်သူကောင်းကို လိုတယ်
နောက်ကလိုက်ရဲမဲ့သူတွေ လိုတယ်
တစ်ရွာ နှစ်စင်ထောင်မဟုတ်တဲ့
စုစည်းမှုကောင်းတွေ လိုတယ်
လူထုအကျိုးစီးပွား
ကြည့်မြင်တတ်သူတွေ ပိုလိုအပ်တယ်။
အညာကို အညာလို ပြန်ထားဖို့
အညာအလှ အညာပြန်ရဖို့
အညာကိုအရင် ပြန်ရှင်နိုင်ဖို့လည်း လိုပါတယ်။
ဒီနိုင်ငံဟာ ဒုက္ခနွံထဲ
နစ်ဝင်နေတဲ့လှည်းဘီးဘဲ
မယဥ်ချောမေ
အားလုံးပြိုင်တူတွန်းမှ ရွေ့တော့မှာပါ
အားလုံးပြိုင်တူတွန်းမှ ရွေ့တော့မှာပါ
အားလုံးပြိုင်တူတွန်းမှ ရွေ့မှာပါ…..။ ။
ဒီခေတ်ရှား
Thanlwin Myanmar Media