သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၃
အကြမ်းဖက်စစ်တပ်၏ စစ်ကြောရေးစခန်းများတွင် လျှပ်စစ်ဖြင့် ရှော့တိုက်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ခြင်း၊ လိင်အင်္ဂါကို မီးရှို့ခြင်း အပါအဝင် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုများ၊ စနစ်တကျ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်သည့် သက်သေ အထောက်အထားများ ရှာဖွေတွေ့ရှိထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား-IIMM က သတင်းထုတ်ပြန် သည်။
IIMM အနေဖြင့် မြန်မာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသူများကို ကျူးလွန်သည့် ရာဇဝတ် မှုများအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် ကျူးလွန်သူများကိုဖော်ထုတ်ရန်ကြိုးပမ်းရာ တွင် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ ထားကြောင်း၊ ယင်းရာဇဝတ်မှုများတွင် ညှဥ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပါဝင်ကြောင်း သိရသည်။
“မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေအပါအဝင် မြန်မာနိုင်ငံက စစ်ကြောရေးစခန်းတွေမှာ စနစ်တကျ ညှဥ်းပန်းနှိပ်စက်နေတာကို ထင်ထင်ရှားရှားပြသနေတဲ့အထောက်အထားတွေကို ကျွန် တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ ထိန်းသိမ်းစစ်ကြောတဲ့နေရာတွေကို ကြီးကြပ်တဲ့တပ်မှူးတွေ အပါအဝင် ကျူးလွန်သူတွေကိုဖော်ထုတ်ရာမှာ တိုးတက်မှုတွေရှိနေပြီး ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ လိုလားပြီး စီရင်နိုင်ခွင့်ရှိတဲ့ တရားရေးအာဏာပိုင်တွေနဲ့ မျှဝေဖို့ အသင့်ရှိနေပါတယ်” ဟု IIMM ယန္တရား၏အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုသည်။
IIMM ၏ အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ကာလ အ ပိုင်း အခြားအတွင်းမှ ဆောင်ရွက်ချက်များကိုတင်ပြထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ် ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါအစိတ်အပိုင်းများကို မီးရှို့ခြင်းနှင့် အခြားလိင်အကြမ်းဖက်မှုများ ကျူးလွန် နေကြောင်း မှတ်တမ်းများကို အသေးစိတ်ဖော်ပြထားသည်။
ယန္တရားသည် သက်ဆိုင်ရာထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် တာဝန်ထမ်းဆောင်သူများ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်ဖွဲ့များကို ရှာဖွေဖော်ထုတ်ရာတွင် တိုးတက်မှုများရှိနေကြောင်း၊ ဖမ်းဆီးရမိ ထားသော ရန်သူ့ဘက်မှ တိုက်ခိုက်သူများနှင့် သတင်းပေးဟု စွပ်စွဲခံရသည့်အရပ်သားများကို အ ကျဥ်း ချုံးတရားစီရင်ပြီး ကွပ်မျက်ရာတွင် ပါဝင်သူများကိုဖော်ထုတ်နိုင်ရန် အထောက်အထားများကို လည်း ယန္တရားက စုဆောင်းနေကြောင်း သိရသည်။
မြန်မာလုံခြုံရေးတပ်ဖွဲ့များ၊ ၎င်းတို့နှင့်ဆက်စပ်သော ပြည်သူ့စစ်များ၊ စစ်တပ်အားဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များကလည်း အကျဥ်းချုံးစီရင်ကွပ်မျက်မှုများကို ကျူးလွန်နေကြောင်း သိရ သည်။
စာသင်ကျောင်းများ၊ နေအိမ်များနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားများ ထိ ခိုက်သေဆုံးနေရသည့် ဖြစ်ရပ်များကိုလည်း ယန္တရားက အရှိန်မြင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း၊ စုံစမ်းစစ်ဆေးမှုများတွင် ၂၀၂၅ ခုနှစ် မတ်လ၌ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နေသည့်နေ့ရက်များလည်း ပါဝင်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင် ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် မြန်မာ့လေတပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးကွင်းဆက်များကို စိ စစ်သုံး သပ်နေကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်လှတဲ့အကြမ်းဖက်မှုတွေ အကြိမ်ရေပိုတိုးပြီး ဆိုးဆိုးရွားရွား ကျူး လွန်နေဆဲဖြစ်ကြောင်း ကျွန်တော်တို့ရဲ့အစီရင်ခံစာမှာ အသားပေးဖော်ပြထားပါတယ်။ ကျူး လွန်သူတွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် တရားရုံးမှာသွား ရောက်ဖြေရှင်းရတဲ့ နေ့ဆီကို မျှော်မှန်းပြီး ကျွန်တော်တို့ လုပ်ကိုင်နေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့က ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးရေးကြိုးပမ်းရာ၊ များစွာ သောလူမှုအသိုင်းအဝိုင်းများကို အကြမ်းဖက်မှုများရှိနေသောကြောင့် စုံစမ်းစစ်ဆေးရေးလမ်း ကြောင်းသစ်တစ်ခု စတင်ထားကြောင်း၊ အလားတူ၊ ၂၀၁၆-၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေး ကာလ အတွင်း မြန်မာလုံခြုံရေးအဖွဲ့ဝင်များက ရိုဟင်ဂျာများကိုကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
အထူးသဖြင့် လူတစ်ဦးချင်း၏ လုပ်ဆောင်ချက်များနှင့် ရာဇဝတ်မှုများကိုချိတ်ဆက်နိုင်သည့် အ ထောက်အထားများကို စိစစ်နေကြောင်း သိရသည်။
အစီရင်ခံစာမှ တွေ့ရှိချက်များသည် မျက်မြင်သက်သေပေါင်း ၆၀၀ ကျော်၏ထွက်ဆိုချက်များ အပါ အဝင်၊ ရင်းမြစ်ပေါင်း ၁၃၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်များ၊ အခြားအထောက် အထားများဖြစ်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုဟ်တု ပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာအထောက်အထားများကို အခြေခံထားကြောင်း သိရသည်။
ရိုဟင်ဂျာများနှင့်ဆိုင်သောအမှုများကိုကိုင်တွယ်နေသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)၊ နိုင်ငံ တကာတရားရုံး (အိုင်စီဂျေ)နှင့် အာဂျင်တီးနားနိုင်ငံမှ အာဏာပိုင်များထံ သက်ဆိုင်ရာအထောက်အ ထားများနှင့် စိစစ်သုံးသပ်ချက်များကို ဆက်လက်မျှဝေနေပြီး ထို့အပြင် ယူကေ၏ အချက်အလက် များ မျှဝေရန် သီးသန့်တောင်းဆိုချက်ကိုလည်း အကြောင်းပြန်ထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အိုင်စီစီ၏ တရားလိုရှေ့နေက မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် ယန္တရားက အထောက်အထားများ မျှဝေ ခြင်းဖြင့် ပံ့ပိုးခဲ့ပြီး Buenos Aires မြို့အခြေစိုက် အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှ စုံစမ်းစစ်ဆေး ရေး ဆိုင်ရာ တရားသူကြီးသည် ယခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင်နှင့် အခြားပုဂ္ဂိုလ် ၂၄ ဦးအား တရားရုံးသို့ဆင့်ခေါ်သည့် အမိန့်ထုတ်ပြန်ရာတွင်လည်း ယန္တရားကမျှဝေသော အထောက်အ ထားများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကြီးလေးသည့်နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိသော်လည်း ကုလသမဂ္ဂ၏ဘဏ္ဍာရေးအကျပ်အတည်းများသည် ယန္တရား၏စုံစမ်းစစ်ဆေးရေးများ ဆက်လက်လု ပ်ဆောင်ရန် လိုအပ်သည့်ရင်းမြစ်များရရှိရေးကို ကြီးမားစွာသက်ရောက်နေကြောင်း၊ ထို့ကြောင့် ယန္တရားသည် လုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် နည်းလမ်းပေါင်းစုံကို ရှာဖွေလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်း ရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Thanlwin Myanmar Media