ကဗျာကဏ္ဍ “အိမ်ပြန်ချင်တယ်”
ခွန်းနီ (ပခုက္ကူ)
အငွေ့ပျံမတတ်နေ့တွေမှာ
ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။
ခလုတ်ထိမှ အမိတတယ်ပဲပြောပြော
လူရောစိတ်ပါ အနာတရဖြစ်တဲ့အခါ
အမေ့ကိုသတိတရရှိလာခြင်းဖြင့်
ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။
တိမ်တွေ တောင်တွေ ရှုမျှော်ခင်းတွေကို
နေ့စဥ်နဲ့အမျှ ထိတွေ့နေရပေမဲ့
အသက်ဓာတ်ဟာ ပိုပိုပါးလျားလာပြီး
ပြုံးနေတဲ့သားရဲတွေရယ်
တစ်စစီချေမွပစ်မဲ့ သတ်ကွင်းတွေကြား
ဖြတ်ပြေးမိတဲ့ ယုန်သူငယ်လို
ကျွန်တော်ဟာမျက်စိသူငယ် နားသူငယ်နဲ့။
သတိရတယ် အမေရဲ့
သတိမေ့ချင်ယောင်ဆောင်ရတာလဲ
ဆင်းရဲခြင်းတစ်မျိုးပဲမဟုတ်လား
အခုတော့တွင်းဆုံးကို ရောက်နေပါပြီ
ခွင့်မလွှတ်လိုက်ပါနဲ့အမေ
ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာခဲ့တာ
မဖြစ်ချင်တာတွေကြီးဖြစ်နေခဲ့ရတယ်။
အိမ်ဆိုတာ လွမ်းစရာကောင်းမှန်းသိလေလေ
နေချင်စရာကောင်းမှန်းသိလာတယ်
အိမ်ပြန်ရကောင်းမှန်းသိလာတယ်
အဲ့ဒီ့ သိမှုတွေကြောင့်ပဲ
နာကျင်ရကောင်းမှန်း ပိုပိုသိလာရတယ်။
အခုတော့ ဘာမှဖမ်းဆုပ်ထားနိုင်တာမရှိသေး
ခပ်ကွေးကွေး လ ကလေးတစ်စင်းကိုတောင်
ငေးကြည့်ဖို့ရာ ညတွေကပျက်နေပြီလေ
အိမ်မက်လှလှလေးတွေ မက်ဖို့
ကျွန်တော့် ညတွေမလုံလောက်သေးဘူး
ရင်ကိုခွဲကြည့်လဲ ဖွဲတွေပဲထွက်ကျလာမှာ။
မပျော်တဲ့အိပ်စက်ခြင်းတွေကို
မျက်လုံးစုံမှိတ်ထားလိုက်ယုံပေါ့။
မိုးလင်းလာတဲ့အခါ အိမ်ပြန်ရောက်နေတယ်လို့
စိတ်မှာထင်လာတဲ့ ရောဂါလဲ
ကျွန်တော့်မှာ ကျွမ်းလှပြီ အမေ
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ကျွန်တော်အိမ်ပဲပြန်ချင်တော့တာပါ။
ကမ်းလွန်ပင်လယ်ပြင်ထဲက
ကျွန်တော့်လက်ထိုး လှေကလေး
တစ်ဖြေးဖြေးနဲ့ ပြေးနေသယောင်ယောင်
တစ်လှိုင်းပြီး တစ်လှိုင်းနဲ့
မုန်တိုင်းချင်းထပ်နေတဲ့ ရက်တွေမှာ
ကျွန်တော်ဟာ အိမ်ပဲပြန်ချင်တော့တယ်။
နွေတွေ မိုးတွေ ဆောင်းတွေ
အလီလီကျွန်တော်ဖြတ်ခဲ့ပြီးပြီ အမေ
အိမ်ပြန်ရနံ့ပါတဲ့ပန်းတွေ
ဘယ်ရာသီမှာပွင့်နေသလဲ
ကျွန်တော်အခုထိမရသေးတဲ့ တေးတစ်ပုဒ်လို
အစိမ်းသက်သက်ဝေးနေရဆဲ။
တစ်ဖက်စောင်းနင်းတွေနဲ့ကမ္ဘာမှာ
အလည်ကောင်တည့်တည့်ကနေ
ပြုတ်ပြုတ်ကျနေတဲ့သိုးတစ်ကောင်ဟာ
ကျွန်တော်ပဲ အမေ
ဒါကြောင့်ကျွန်တော် အိမ်ပြန်ချင်ခဲ့တာ
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အိမ်ပြန်ချင်တယ်
အိမ်ပဲပြန်ချင်တယ်ဗျာ
ဒါ မအိပ်ပဲ ယောင်ယမ်းပြောမိတဲ့စကားပါပဲ။
အခုတော့ စစ်ကြီးထဲ
အိမ်ရှိရာကိုပြေးလာနေပေမဲ့
အိမ်နဲ့ဝေးရာကို လွင့်သထက်လွင့်လို့
အားလုံးကို စွန့်နေရတယ်အမေ
ဒါပေမဲ့
ကျွန်တော်အိမ်ပြန်ချင်ခဲ့တယ်။
ခွန်းနီ (ပခုက္ကူ)
Thanlwin Maynmar Media