Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ

 

သံလွင်မြန်မာသတင်း

ဇူလိုင်လ ၂၇

 

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူသွားကြောင်း သံဃသမဂ္ဂ -မန္တလေးက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၅ ရက်နေ့က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၂ နှစ်ခန့်အကြာဆေးဝါးကုသမှု ခံယူနေ ရသော သက်တော် ၃၆ နှစ်၊ ဝါတော် ၁၆ ဝါရှိ မန္တလေးမြို့၊ ရတနာပုဂံတိုက်ဆရာတော် ဦးပသံသိယ သည် စအိုကင်ဆာရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း သိရသည်။

“စအိုကင်ဆာလို့ သိထားရပါတယ်။ ဆေးရုံတက်ရောက်ကုသနေရတာ ကြာပြီဖြစ်ပေမယ့် ပြန်လွှတ် ပေးတာမရှိပါဘူး။ မန္တလေးပြည်သူ့ဆေးရုံးကြီးမှာ ဆေးကုမှုခံယူရင် ပျံလွန်တော်မူခဲ့ရတာပါ။ ဆေးရုံ ရောက်ပြီးတော့ ဆေးကုမှုကောင်းကောင်းမွန်မွန်မပေးတဲ့အတွက်ကြောင့် ဆရာတော်ပျံလွန်တော်မူ ရတာလို့ ဦးဇင်းတို့ ပြောရမှာဖြစ်ပါတယ်” ဟု သံဃသမဂ္ဂ -မန္တလေးမှ ဆရာတော် ဦးဓမ္မမေတ္တာက မိန့်ကြားသည်။

 

ဆရာတော် ဦးပသံသိယ အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညအချိန်တွင် အကြမ်းဖက် စစ် အုပ်စုက မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ် မတရား အမိန့်ချမှတ်ခံခဲ့ကြောင်း၊ အကျဉ်းထောင်တွင်း နှိပ်စက်မှုများကြောင့် ဆရာတော်မှာ ကင်ဆာရောဂါဝေဒနာခံစားခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

 

ထိုသို့ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးဝါးနှင့် ကုသမှု လုံလောက်စွာ ပေးအပ်ခြင်းမရှိ သော ကြောင့် ထောင်ကျပြီး ၂ နှစ်အကြာ၌ ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ဆရာတော် ဦးပသံသိယ-အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးများကို ဖိနှိပ်ထိန်းချုပ် ပြီး လုံလောက်သော ဆေးကုသမှုမပေးဘဲ ဆုံးရှုံးစေရခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ရည်ရွယ် ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်သည်ဟု မှတ်ယူပါကြောင်း သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားသည်။

 

“စစ်အုပ်စုက သူတို့အာဏာတည်မြဲဖို့ အတွက်ဆိုရင် အခုလို ရဟန်းရှင်လူ ပြည်သူလူထုကို ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုတွေ၊ ထောင်ထဲရောက်နေတယ်ဆိုရင်လည်း မကျန်းမာတဲ့အခါမှာ ဆေးဝါးကုသ မှု လုံလောက်စွာမပေးပဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေမယ့် ကိစ္စဖြစ်တယ်။ ဒါ့ကြောင့်မို့ ဦးဇင်းတို့ မန္တလေး- သံဃာ့သမဂ္ဂ အနေနဲ့တော့ ပြည်သူလူထုရော အားလုံးက ဝိုင်းဝန်းပြီးတော့ တောင်းဆိုနေ သလို့ပေါ့၊ စစ်အနိုင်တိုက်ရေးကိုပဲ ကြိုးကြိုးစားစား ဆောင်ရွက်နိုင်ကြဖို့ပဲ အရေးကြီးပါတယ်။ ဒီလိုမှ သာလျှင် အမှန်တရားနဲ့ တရားမျှတမှုဆိုတာ ဖြစ်နိုင်မယ်လို့ ဦးဇင်းတို့ မန္တလေးသံဃာ့သမဂ္ဂအနေနဲ့ ပြောလိုပါတယ်” ဟု သံဃသမဂ္ဂ -မန္တလေးမှ ဆရာတော် ဦးဓမ္မမေတ္တာက မိန့်ကြားသည်။

 

အကြမ်းဖက်စစ်အုပ်စု၏ ရဟန်းရှင်လူ ပြည်သူလူထုအပေါ် မတရားဖမ်းဆီးထိန်းသိမ်းမှု၊ နှိပ်စက် ညှဉ်းပန်းမှုနှင့် အခြားမတရားပြုမူမှုများကို တရားမျှတမှုရရှိသည်အထိ ပြည်သူလူထုနှင့်အတူ လက် တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ် ဧရိယာနှင့် နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၂ လုံး ပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်၊ PNLA ဌာန ချုပ် ဧရိယာနှင့်နောင်ထောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က...