သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုအောင်သူထက် ကို ထောင်ဝန်ထမ်းမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထား
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၇
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ကို အကျဉ်း ထောင် ဝန်ထမ်း စိုးမင်းဆိုသူမှ ပုခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ပြီး တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။
ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဝန်ထမ်းစိုးမင်းသည် သာယာဝတီထောင်ရှိ အဆောင်မှူး ရုံးခန်းတွင် အလုပ်လုပ်သော အခြားအမှုနှင့် ထောင်ကျနေသည့် အကျဉ်းသားတစ်ဦးနှင့် ရန်ဖြစ်သည် ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရိုက်နှက်မှု ကြောင့် ကိုအောင်သူထက်မှာ ပုခုံးအဆစ်ပြုတ်ထွက်သွားကြောင်း သိရသည်။
ပုခုံးအဆစ်ပြုတ်အောင် ရိုက်နှက်ပြီးနောက် အချိန်အတော်ကြာအောင် ဆေးကုသမှု ပေးခြင်းမရှိ သည့်အတွက် အခြားနိုင်ငံရေးအကျဉ်းသားများမှ ဝိုင်းဝန်းတောင်းဆိုရာ ယင်းနေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် ဆေးကုသခွင့်ပေးခဲ့ပြီး ယနေ့အချိန်အထိ တိုက်ပိတ်ထားကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းစိုးမင်းဆိုသူကို ထောင်အာဏာပိုင်များက အပြင်ထွက်ခွင့် ပိတ်ခြင်း နှင့် သာယာဝတီထောင်၌သာ နေရာပြောင်းခြင်းကိုသာ ပြုလုပ်ခဲ့ပြီး ထိရောက်သော အရေးယူဆောင် ရွက်ခြင်း မရှိကြောင်း သိရသည်။
အကျဉ်းထောင်ဝန်ထမ်းစိုးမင်းသည် ယခင်ကလည်း နိုင်ငံရေးအကျဉ်းသားများအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးဖြစ်ကြောင်း၊ သာယာဝတီထောင် သို့ ထောင်ပြောင်းရွှေ့ဖြင့် ရောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခဲ့သဖြင့် တိုင်ကြား ခံထားရသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များရှိ ထောင်ဝန်ထမ်းများသည် နိုင်ငံရေး အကျဉ်းသား များ အပေါ် ဖိနှိပ်မှုများ၊ ရိုက်နှက်မှုများ စသည့်များကို စွပ်စွဲချက်များဖြင့် လူ့အခွင့်အရေးချိုးဖောက် မှုများကို ကျူးလွန်နေသော်လည်း ထောင်အာဏာပိုင်များက ထိုက်သင့်သည့် အပြစ်ပေး အရေးယူမှု များ မပြုလုပ်ဘဲ လျစ်လျူရှု့နေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ပိုမို ပြုလုပ်နေကြ ခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များအနေဖြင့် ထောင်ဝန်ထမ်းများမှ တရားဥပဒေမဲ့စွာ ရိုက်နှက်မှုများ ပြုလုပ်နေသည့်အပေါ် ရပ်တန့်စေရန်အတွက် အမြန်ဆုံး ဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ကတောင်းဆိုထားသည်။
ထို့ပြင် ယင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်မှ သက်သေများနှင့်တကွ စနစ်တကျ မှတ်တမ်းများ ထားရှိပြီး တရားမျှတမှုကို ဖော် ဆောင်သည့်ကာလ၌ ကိုယ်တိုင်တာဝန်ခံရမည်ဖြစ်ကြောင်း ထပ်လောင်း အသိပေးထားသည်။
Thanlwin Myanmar Media