စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် နမ့်လတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး၊ ၈၈၈၈ အရေးတော်ပုံနှစ် ၃၀ ပြည့် ကျောက်စာတိုင်ကိုလည်း ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ သုဓမ္မာ ဓမ္မာရုံတွင် စခန်းချထားပြီး ငလျင်ဘေးဒဏ် သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် နမ့်လတ် လူမှုကူညီကယ်ရေးအဖွဲ့ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ဇူလိုင်လ ၈ ရက် ညနေပိုင်းက စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ သုဓမ္မာ ဓမ္မာရုံတွင် တည်းခို စခန်းချ၍ စစ်ကိုင်းငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ နေအိမ်အပျက်အစီးများကို အခမဲ့ ဖြိုချပေးခြင်း၊ သောက်သုံးရေသန့်၊ အိမ်များဆောက်လုပ်လှူဒါန်းပေးခြင်း၊ နေထိုင်စရာ မရှိတော့သည့် ပြည်သူများ ကို ယာယီတဲအိမ်ငယ်များ ဆောက်လုပ်လှူဒါန်းပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနေသည့်အဖွဲ့ စခန်းကို စစ်ကောင်စီတပ်သားများက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရာ အဖွဲ့သူအဖွဲ့သားများအပါအဝင် ပရဟိတလုပ်ငန်းသုံး ယာဉ်၊ ပစ္စည်း ကိရိယာများကို ပါသိမ်းဆည်းသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့်၊ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။
“ဖမ်းသွားတာမှန်ပါတယ်၊ ဘယ်နှစ်ယောက်ပါသွားလဲ၊ ဘယ်နေရာကို ဖမ်းခေါ်သွားလည်းတော့ မသိ ရ သေးဘူး။ အဲဒီနားမှာက တောင်ဘက်မှာဆိုရင် ဝါးတားဂိတ်နဲ့ ပိတ်ထားတာ၊ ရဲစခန်း၊ ရုံးတွေလည်း ရှိတယ်၊ စခတွေရဲ့အဖွဲ့လို့တောင်ထင်နေတာ၊ အခုလို ဖမ်းသွားတာယုံတောင်မယုံနိုင်ဘူး၊ အဲဒီအဖွဲ့ ရှိ တာသိတယ်၊ တွေ့လည်းတွေ့ဖူးတယ်၊ မြင်လည်းမြင်ဖူးတယ်၊ စခတွေလည်း အဲနားမှာ အမြဲတမ်း တွေ့ရတယ်” ဟု စစ်ကိုင်းမြို့နယ်တွင် အခြေပြုလှုပ်ရှားနေသည့် UG ရဲဘော်တစ်ဦးက ပြောကြား သည်။
ထို့အပြင် စစ်ကိုင်းမြို့၊ သုဓမ္မာ ဓမ္မာရုံအနီး၌ ၂၀၁၈ ခုနှစ်၊ NLA အစိုးရလက်ထက်က စိုက်ထူခဲ့သည့် ၈၈၈၈ အရေးတော်ပုံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ကျောက်စာတိုင်လည်း ဖျက်ဆီးရှင်းလင်း သွား ကြောင်း သိရသည်။
Thanlwin Myanmar Media