ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ပြည်သူ့နေအိမ်များကို မီးရှို့ပြီး လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇွန်လ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ပြည်သူ့နေအိမ်များကို မီးရှို့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်သည်။
ဇွန်လ ၂၅ ရက် ည ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနှင့် PNO ပြည်သူ့ စစ်များက ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာကို ၆၀ မမ လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၄၉ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မွိးဒုံး ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် PNLO/PNLA ကယ်ဆယ်ရေးတပ်ဖွဲ့မှ သွား ရောက်ကယ်ထုတ်ကာ ကုသမှုပေးနေကြောင်း သိရသည်။
“စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ၉ ကြိမ်ပစ်တာ၊ အဲ ဒီမှာ လက်နက်ကြီး ကျည်တစ်လုံးက ပြည်သူလူထုနေအိမ်ကို ထိခိုက်သွားတယ်၊ နေအိမ်လည်း ပျက် စီးသွားတယ်၊ အိမ်ရှင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာရရှိတဲ့ ပြည်သူကို ကျနော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/ PNLA က ကယ်ဆယ်ထားပြီးတော့ ဆေးကုသပေးနေပါတယ်၊ ထိခိုကဒဏ်ရာရရှိတဲ့ ပြည်သူက သက် သာလာပါပြီ။” ဟု PNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆီဆိုင်မြို့နယ်၊ တပူထိုးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက ပြည်သူလူထုပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“တပူထိုးရွာမှာကတော့ အရင်တစ်ခေါက်ရှို့တာက နေအိမ် ၆ လုံးပေါ့၊ နောက်တစ်ခေါက်ရှို့တာက ဘယ်နှစ်လုံးလည်းတော့ ကျနော်တို့ အတိအကျ စာရင်းရဖို့လုပ်ဆောင်နေတုန်းပဲရှိပါတယ်။ အဲဒီရွာ မှာက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က တပ်စွဲထားတော့ ဘယ်နှစ်လုံးလောင်သွားတယ်ဆိုတာ ပြောပြဖို့ နည်းနည်းအခက်အခဲရှိပါသေးတယ်။” PNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။
ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများမရှိသော် လည်း စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်းသို့ ဦးတည်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း PNLA သတင်းနှင့် ပြန်ကြား ရေးဌာနက အသိပေး ထားသည်။
“မြေပြင်မှာ ဘာစစ်ရေး၊ ဘာတိုက်ပွဲတွေမှ မရှိပဲနဲ့ တဖက်သတ်လက်နက်ကြီးတွေနဲ့ ပြည်သူကို တိုက် ခိုက်တာကျတော့ တော်တော်ကြီးကို ပြောစရာစကားမရှိတော့လောက်အောင် အောက်တန်းကျတယ် လို့ ပြောရမှာပေါ့နော်၊ ပြည်သူဆိုတာက ရန်သူမဟုတ်ဘူးလေ။ ပြည်သူကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တယ်ဆိုတာက တော်တော်ကြီးကို လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု PNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။
Thanlwin Myanmar Media