ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း စစ်တပ်ကလေကြောင်းဖြင့် အကြိမ် ၂၀၀ ကျော် ဗုံးကြဲ တိုက်ခိုက်၊ စခန်းရှင်းလင်းချိန် ပုပ်ပွနေသော စစ်သားအလောင်းများတွေ့ရှိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၂၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ် ၂၀၀ ကျော်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PLA က ထုတ်ပြန်သည်။
ဇွန်လ ၂ ရက်နေ့မှ စတင်၍ ဇွန်လ ၁၉ ရက်နံနက် ၆ နာရီ အထိ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲ စခန်း သိမ်းတိုက်ပွဲကို PLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းမကျဆုံးစေရေးအတွက် လေကြောင့် အကြိမ်ရေ ၂၀၀ ကျော်၊ ဗုံးသီး အလုံး ၅၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကန့်ဒေါင့်ကျေးရွာအတွင်းနေရာယူထားသော စစ်ကောင်စီတပ်သည် ကန့်ဒေါင့်ရွာထဲရှိ စာသင် ကျောင်း နှင့် အထပ်မြင့်တိုက်များတွင် တပ်စွဲကာ ခံစစ်ပြင်ထားသည်ကို တွေ့ရှိရကြောင်း၊ ကန့်ဒေါင့် ရဲစခန်းတွင်လည်း ခြံစည်းရိုးများ၊ ကျားလန်များ၊ ဘန်ကာများ၊ မိုင်းကွင်းများ၊ ဆက်သွယ်ရေးတူး မြောင်း များဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသည်ကိုလည်း တွေ့ရှိရကြောင်း PLA ကပြောဆိုသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကန့်ဒေါင့်ရဲစခန်းကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား များမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီး ယင်းစခန်းတွင်းသို့ ရှင်းလင်းရေး ဝင်ရောက်ဆောင် ရွက်ချိန်တွင် ပုပ်ပွနေသော စစ်ကောင်စီတပ်သားများ၏ အလောင်းများကို တွေ့ရှိရသည်ဟု ဆို သည်။
သိမ်းပိုက်ရရှိခဲ့သော ကန့်ဒေါင့်ရွာနှင့် သုံးမိုင်ခန့်ကွာဝေးသော အင်မထီးရွာသို့ စစ်ကောင်စီက Mi17 ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ်စစ်ကူများပို့ဆောင်ပြီး ကန့်ဒေါင့်စခန်းသို့ စစ်ကူပေးရန် စစ်ကြောင်း ထိုးခဲ့သော်လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်း ပျက်သွားသည်အထိ တိုက်ခိုက် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကူစစ်ကြောင်းများနှင့် ကန့်ဒေါင့်ရဲစခန်းအတွင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသော ရန်သူ့သုံပန်းများ စာရင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိ ပေး ထားသည်။
Thanlwin Myanmar Media