ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိဟု PLA အတည်ပြု
သံလွင်မြန်မာသတင်း
ဇွန်လ ၁၉
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တရားဝင်ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၆ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ပုလဲမြို့နယ် ၊ ကန့်ဒေါင့်နရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ ဦးဆောင်ပြီး မဟာမိတ်တပ်ပေါင်းစုနှင့် အတူတကွ ပူးပေါင်း၍ ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်ရင့် မဆုတ် မနစ်သော ဇွဲလုံ့လ ဝိရိယများ ပေးဆပ်စွန့်လွှတ်မှုများဖြင့် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ နောက်ဆက်တွဲ သတင်းများကို ပြည့်စုံစွာဖြင့် ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“သိမ်းပိုက်မိတာမှန်ပါတယ်။ သတင်းအသေးစိတ်ကို အချက်အလက်အကုန် အပြည့်အစုံ မရသေး ဘူး။ ကျမ တို့ရဲဘော်တွေနဲ့လည်း နည်းနည်းအဆက်အသွယ်ပြတ်နေလို့၊ အသေးစိတ်အချက်အလက် နဲ့တကွ ထုတ်ပြန်ပေးပါမယ့်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်က ပြောကြားသည်။
ထိုသို့ စခန်းသိမ်းပိုက်မိသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက် နေဆဲဖြစ်ကြောင်း၊ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ နေ့စဉ် ရက်ဆက်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးကာ ကျေးရွာပေါင်း ၂၀ ကျော်စစ်ဘေး ရှောင်နေကြရကြောင်း သိရသည်။
အဆိုပါ ကန်ဒေါင့်နယ်မြေရဲစခန်းကို ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့စဉ် ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက် နေ့က စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးကို ပစ်ချဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ထို့နောက် ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media