တောင်သာမြို့နယ်၊ ဆင်တဲဝချောင်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ ဆင်တဲဝချောင်း အတွင်း စစ်သား ၇ ဦးခန့် ရေထဲမျောပါသေဆုံးခဲ့ဟု ဖမ်းမိသုံ့ပန်းထွက်ဆို
သံလွင်မြန်မာသတင်း
ဇွန်လ ၁၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်တဲဝချောင်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး ကာ ၁ ဦးအအရှင်ဖမ်းမိခဲ့ပြီး ဖမ်းမိစစ်သုံ့ပန်း၏ ဝန်ခံထွက်ဆိုချက်အရ စစ်သား ၇ ဦးခန့် ဆင်တဲဝ ချောင်း အတွင်း မျောပါသေဆုံးသွားကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်က တောင်သာမြို့နယ်၊ ဆင်တဲဝချောင်းအနောက်ဘက် ၌ ထနောင်းကုန်းပျူရွာမှ ထွက်လာသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ထောက်ပံ့ပို့ဆောင်ရေးတပ် အမှတ် ၉၂၈ မှ တပ်သား ကျော် နိုင်ဝင်းကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
“အမြဲတမ်းကြီးကူးနေတာတော့မဟုတ်ဘူး။ တခါတရံ လစ်မယ်ထင်တဲ့အချိန်ကျမှ ထောက်ပို့ ကျည် တို့၊ ရိက္ခာတို့ ပို့တာ၊ စစ်ကြောင်းထွက်တာက နှစ်ဖက်ညှပ်ထွက်တာ၊ ထနောင်းကုန်းပျူရွာက ထွက် တယ်၊ တောင်သာမြို့ပေါ်ကထွက်တယ်။ တောင်သာမြို့ဘက်ကထွက်လာတဲ့ စစ်ကြောင်းကို ကာပြီး တော့ ထနောင်းကုန်းကထွက်တဲ့ စစ်ကြောင်းကို ဖြတ်တိုက်တာ၊ အပြန်အလှန်ပစ်တိုက်ပွဲက ၁ နာရီ လောက်ကြာခဲ့တယ်။” ဟု တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန် ကြား ရေးတာဝန်ခံက ပြောကြားသည်။
ထို့အပြင် သေဆုံးစစ်သားများထံမှ G3 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်တို့အပြင် လှည်း ၂ စီးဖြင့် သယ်လာသော RPG ထပ်ဖူး ၁၀ ဖူး ၊ ကျည်ဘောက် ၃ ခု ၊ ကျည် ၁၁၈ တောင့် ၊ Drone Jammer ၁ ခုနှင့် စစ်အဝတ်အစား အသုံးအဆောင်တချို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးလာသည့် ပြည်သူ ၇ ဦး ကိုလည်း အထိအခိုက်မရှိ ကယ်တင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ဖမ်းမိစစ်သုံ့ပန်း၏ ထွက်ဆိုချက်အရ ဆင်တဲဝချောင်းအတွင်း မျော ပါသေဆုံးသူ စစ်သား ၇ ဦးရှိကြောင်း သိရသည်။
“သူတို့က ကျနော်တို့ PDF တွေရှိမှန်းသိတော့ ကျနော်တို့ရှိတဲ့ဘက်၊ သတ်ကွင်းဘက်ကို ပြေးခိုင်းတာ၊ မပြေးရင်းပစ်သတ်မှာဆိုပြီးတော့ သေနတ်တွေပစ်ဖောက်ပြီး ပြေးခိုင်းတာ၊ ပြေးခိုင်းတဲ့အချိန်ကျနော် တို့ရှေ့ရောက်လာတော့ ပြည်သူတွေက ဝပ်နေတာပေါ့၊ ကျနော်တို့တက်လုံးတဲ့အချိန်မှာ ပြည်သူတွေ က ဆာလာအိတ်နဲ့အလံဖြူထောင်ပြတာ၊ ကျနော်တို့က စခတွေထင်ပြီးတော့ တက်လုံးတော့ ဆာ လာ အိတ်ကို ကြိုးချည်ပြီးတော့ အလံဖြူထောင်ပြလို့ သူတို့ကို ကယ်လိုက်နိုင်တာ၊ လာတာက ၂၀ လောက်ရှိတယ်၊ စစ်ကြောင်းတစ်ခုလုံးမှာ ၅ ကောင်ပဲကျန်တယ်၊ ဖမ်းမိလာတဲ့သုံ့ပန်း ပြောတာက တော့ ချောင်း ထဲမျောသွားတာ အားလုံး ၇ ဦးဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်။ ရေထဲမျောတဲ့ စခတွေ အကုန်းလုံးက သေမှာပဲ၊ တိုက်ပွဲဖြစ်တာရော၊ ရေထဲမျော တာရောဆိုတော့ ၁၀ ဦးလောက် သေ တယ်။” တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန် ကြား ရေးတာဝန်ခံက ပြောဆို သည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင် တပ်ရင်း အ မှတ် ၃ နှင့် မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် တောင်သာမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း သည်လည်း တောင်သာမြို့ပေါ်သို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
Thanlwin Myanmar Media