ကဗျာ ကဏ္ဍ “ညအပျက်တွေလွန်သွားတဲ့အခါ”
ခွန်းနီ (ပခုက္ကူ)
ဘဝဆိုတာ
ဒီလိုပဲကွလို့ဆိုပြီး
ဟိုလိုလို ဒီလိုလို လူတွေ
သားအများကြီးတွေ့ခဲ့ရတယ် အမေ။
ဘဝကိုအဖြေရှာရမှာလား
ဘဝကအဖြေကိုရှာပေးတာလား
သေတဲ့အထိတစ်ခုခုကိုရှာသွားရမယ်ထင်တယ်။
ကောင်းနိုးရာရာတွေနဲ့ဘဝကိုဖျော်ကြည့်တော့
စီးကျလာတဲ့အပျော်တွေဟာ
ကျွန်တော်နဲ့ဝေးရာမှာ
အမြှုပ်တစီစီနဲ့ပါ အမေရာ။
အဲ့ဒီလောက်တောင်မပျော်ရတော့တဲ့ခေတ်ကို
ကျွန်တော်တို့ဟာဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့
တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့
တေ့တေ့ဆိုင်ဆိုင်အသဲနာခဲ့
ချစ်ရသူတွေနဲ့သေသေချာချာကိုဝေးခဲ့ပြီ
ဘဝဆိုတာဒီလိုပဲလား အမေ။
မပျော်ရတဲ့လက်တွေ့ဘဝကိုခဏထား
အိပ်လို့မပျော်တဲ့ည
မပျော်လို့မအိပ်ခဲ့ရတဲ့ည
အားလုံးဟာအကျိုးအပဲ့ဆန်စွာ
ပျံ့ကျဲနေရတဲ့ဘဝလေ အမေရယ်။
အစစအရာရာခမ်းခြောက်လာတဲ့မြစ်လို
အရာရာရှားပါးလာတဲ့နိူင်ငံမှာ
လူသားမဆန်မှုဟာသောင်တွေလိုထွန်းလို့
လူ့အသက်တွေဟာကောလာတယ်
မလွတ်လပ်မှုရေကာတာတွေအထပ်ထပ်နဲ့
သစ္စာတရားဟာညပ်နေတယ် အမေ
တစ်နေ့နေ့တော့ဖြတ်လာပါလိမ့်မယ်။
သူ့အသံတောင်သူမကြားနိူင်တာ
ကျွန်တော်တို့ငိုသံ
ကမ္ဘာမကြားတာမဆန်းပြားဘူး အမေ။
ရှိပါစေတော့
ဒီလိုပဲပေါ့ အမေရယ်
ဟိုလိုလို ဒီလိုလိုကျွန်တော်မလုပ်တတ်ဘူးလေ။
ပေးတိုင်းပြန်မရတဲ့အထဲ
လူငယ်ဘဝလဲပါတယ် အမေ။
ကျွန်တော့်မှာအချိန်နဲ့အရွယ်ပဲပေးနိူင်သေးတာ
တစ်ချို့လူငယ်တွေဆိုအသက်ပါပေးသွားတာ
လေးစားပါတယ်ဆိုတဲ့စကားဟာ
သေမှထွက်ကျလာတဲ့အထိ
အလေးထားခံရတာပေါ့ အမေရယ်။
အရောင်လတ်နေတဲ့ကြယ်တွေမှာ
ဒီလူငယ်တွေရဲ့နာမည်တွေပဲရေးထားမှာပါ
တစ်ယောက်ပြီးတစ်ယောက်
တစ်ချက်ပြီးတစ်ချက်
နှလုံးသားကိုအပ်နဲ့ထိုးသွားသလို
တစ်ဆစ်ဆစ်နဲ့နာရတဲ့နှစ်တွေ။
စထွက်လာတုန်းကတော့အတူတူပဲ
ပြီးမှကိုယ့်လမ်းကိုလျှောက်သွားကြတဲ့ဒီလူငယ်တွေ
မင်းတို့လျှောက်တဲ့လမ်း
အပြန်လမ်းပဲဖြစ်ပါစေကွာ။
မိုးပေါ်ကပဲသွားသွား
မြေပြင်ကပဲလာလာ
အဆုံးသတ်ဟာဒီနေရာပဲ
မြန်မြန်လျှောက်ကြစို့ညီအကိုတို့
အမှောင်ဟာပျယ်စပြုနေပါပြီ။
ဟိုး အရှေ့ရပ်ကြည့်လိုက်
ရောင်နီဟာတစ်စွန်းတစ်စနဲ့
လင်းပြနေတာ
အောင်ပွဲဟာလဲအဲ့ဒီမှာပဲရှိလိမ့်မယ်။
ခွန်းနီ (ပခုက္ကူ)
Thanlwin Myanmar Media