မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးတွင် စစ်တပ်ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၄
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးတွင် စစ်တပ် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်တိုက်ဂါး တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၂၂ ရက် ည ၁၁ နာရီခန့်က မြောင်လမ်းခွဲမှ အင်အား ၂၀ ခန့်ဖြင့် အလ္လကပ္ပကျေးရွာ ဘက်သို့ ကင်းလှည့်ထွက်လာသော စစ်တပ် စစ်ကြောင်းကို အလ္လကပ္ပကျေးရွာတောင်ဘက်အရောက် ဗိုလ်တိုက်ဂါးတပ်ဖွဲ့မှ ရဲဘော်များက မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်အား ၂၀ လောက်နဲ့ အလ္လကပ္ပကျေးရွာဘက်ကို ကင်းလှည့်ထွက်လာတာပါ၊ ကားနဲ့ထွက်လာ တာ၊ မိုင်းဆွဲပြီးတော့ သူတို့လူထိတော့ ကျနော်တို့ကို လိုက်ရှာသေးတယ်၊ အရံထားတဲ့ မိုင်းကို ခွဲပြီး တားလိုက်ရတာ၊ နောက်ဆက်တွဲထိခိုက်သေဆုံးမှုကတော့ သတင်းမရသေးဘူး” ဟု ဗိုလ်တိုက်ဂါး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Thanlwin Myanmar Media