စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
သံလွင်မြန်မာသတင်း
မေလ ၂၃
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်က စလင်းမြို့နယ် လင်းဇင်းတိုက်နယ်အထိုင်ချ ရဲ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၁၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ၆ ထိရောက်စွာကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“စခန်းထဲကို ၆ လုံးအထိ ကျအောင် ပစ်ခတ်နိုင်ခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုနောက်ဆက်တွဲသတင်း တော့ မသိရသေးဘူး၊ စလင်းမြို့နယ်ထဲမှာ တိုက်ပွဲပြင်းနေလို့ မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြဖို့နဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်နေပေးကြဖို့ မှာချင်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်း ၊ စလင်း ပကဖ နှင့် ဒေါင်းညီနောင်ပျောက်ကြားအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စလင်းမြို့နယ်၊ ပိန္နဲပင်ကျေးရွာ၊ ငါးလင်ပန်းကျေး ရွာတို့ဘက်မှ ဂွေး ကုန်းကျေးရွာ၊ ငါးသန်းခေါင်းကျေးရွာတို့အထိ စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများအားဖျက် ဆီးနေသောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ပေးကြပါရန် တော် လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media