Poem

Poem

ကဗျာကဏ္ဍ “ကျောင်းသားဒဿန”

 

ပျိုးကြဲလက်

 

အရုဏ်တက်စ ၊ ဆွမ်းခံကြွလျှင်

ဆရာတော်မှာ ၊ ရှေ့ဆောင်ပါလျှက်

သံဃာငယ်ကြီး ၊ ဂုဏ်ဝါမှီး၍

စည်းကမ်းကျန ၊ လိုက်ပါရသည် ။

 

ကပ္ပိယခေါ် ၊ ဦးသူတော်နှင့်

ပျော်ပျော်ပါးပါး ၊ ကျောင်းတော်သားတို့

ရှေ့သွားနောက်လိုက် ၊ ကြေးစည်ပိုက်၍

စိတ်ကြိုက်ဟစ်အော် ၊ နိဗ္ဗာန်ဆော်သည်

ဆွမ်းတော်လောင်းစို့ ၊ ဆွမ်းတော်ဗျို့ ။

 

ဆွမ်းခံကြွခိုက် ၊ ခွေးရူးမိုက်သည်

စူးစိုက်ပြေးလွှား ၊ လမ်ကြိုကြားမှ

သွားဖြဲမာန်ဖီ ၊ သံဃာ့ဆီသို့

လာပြီရှေ့ရှု ၊ သူရန်ပြုမည်

မိုက်မှုပွေလီလှပါတကား ။

 

ဆရာတော်ကား ၊ နောက်တော်ပါးမှ

ချစ်သားသံဃာ ၊ သင့်မေတ္တာကို

မှန်စွာပို့သ ၊ လမ်းညွှန်ပြလျှင်

တပည့်သံဃာ ၊ နောက်တော်ပါတို့

မေတ္တာပို့ကြ ၊ ရွတ်ဖတ်ရသည်

အယုတ်တမာ ၊ ခွေးရူးမှာကား

ပြေးလာနေဆဲ ၊ ရန်လိုမြဲတည့် ။

 

ရှေ့ဆုံးမှသွား ၊ မောင်ကျောင်းသားမှာ

ခွန်အားသာကိုး ၊ အုတ်ခဲကျိုးနှင့်

စိတ်ဆိုးမာန်ဖီ ၊ ခွေးရူးဆီသို့

ပစ်ပြီတည့်တည့် ၊ နောက်စေ့ထိလျှင်

ဂိဂိဂိန်ဂိန် ၊ ခွေးရူးပိန်မှ

အချိန်မဆွဲ ၊ သံစုံဟဲ၍

သဲသဲမဲမဲပြေးလေပြီ ။

 

ဦးသူတော်မှ ၊ ထိုခဏတွင်

ဟုတ်လှချည်လား ၊ မောင်ကျောင်းသားရဲ့

စွမ်းအားထက်ရာ ၊ မင်းမေတ္တာက

ဒီမှာတယ်၍စူးသကိုး ။

 

ကျောင်းသားဖြေရာ ၊ လောကမှာဖြင့်

မေတ္တာတန်ဖိုး ၊ မသိရိုးက

အမျိုးစုံစွာ ၊ စဉ်းစားရာ၏ ။

 

ဒေဝဒတ်ပင် ၊ ဘုရားရှင်၏

ကြည်လင်မေတ္တာ ၊ အေးမြရာကို

သူ့မှာမသိ ၊ ရန်ပြုဘိသော်

အရှိတရား ၊ မြေပပ်ကြား၌

ဝပ်တွားခယ ၊ ပျက်စီးရသည် ။

 

မေတ္တာအတိ ၊ ဖယ်ရှားဘိလျှင်

သူ၏လုပ်ရပ် ၊ ရောင်ပြန်ဟပ်၍

ပေးဆပ်စေငြား ၊ လောကသားတို့

ကြိုးစားရသည် ၊ မြေမဟီပင်

တုန်ဟည်လှုပ်ခါခဲ့ပါတကား ။

 

ကျောင်းသားလူလှ ၊ ဒဿနကို

သိရပါသော် ၊ ဝေဟင်ပေါ်မှ

တွေးခေါ်မိုက်မဲ ၊ လေမှာဝဲ၍

ဗုံးကြဲပစ်ခတ် ၊ ပြည်သူသတ်သည့်

လေနတ်သားခေါ် ၊ သူခိုးကျော်ကို

ဝိုင်း ဆော်ကြစို့ ၊ ရဲဘော်တို့ ။

ကိုင်း ပျော်ရဖို့ ၊ မဲဆော်စို့ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက် ညနေ ၃ နာရီ ၂ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “ဆင်ကန်း”   ပျိုးကြဲလက်   ပြည်သူမှာ ရန်စလို့ ပြန်ချတဲ့ သူပါ ဆန္ဒပြ တော်လှန်ရာမှာ ပျော်စံရာ မဲ့ငြား ။   ပြည့်ရလဒ် မြင်ပြန်ရင် အင်မတန် ကြီးကျယ်ခမ်းနား ။   တော်လှန်အား တိုးလာလေ အကျိုးမှာ ရှိသား...