Mying News

Mying News

မြိုင်မြို့နယ်၊ စက်မှု ၂ ၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများအနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ပြီး အဝတ်ဗလာဖြင့် စွန့်ပစ်ထားသည့် သူနာပြု အမျိုးသမီး အလောင်းတွေ့

 

D Day News

ဧပြီလ ၂၉

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ တပ်စွဲ ထားသော အကြမ်းဖက် စစ်သားများ အနီး၌ မုဒိမ်းကျင့် သတ်ဖြတ်ကာ အဝတ်ဗလာဖြင့် စွန့်ပစ်ထားသည့် သူနာပြု အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force ထံမှ သိရသည်။

 

ဧပြီလ ၂၇ ရက်နေ့က အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ်၊ စက်မှု ၂ အနီး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ Ghost of Enemies – GOE Revolution Force တပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ခန္ဓာကိုယ် ပေါ်တွင် အဝတ်အစားများမတွေ့ရပဲ အနီးအနားပတ်ဝန်းကျင်၌ အဝတ်အစားများ ပြန့်ကျဲလျက် တွေ့ရှိရကြောင်း၊ ထို့အပြင် ဆေးခန်းပြသည့် အိတ်တစ်လုံးတွေ့ရှိရပြီး ၎င်းအိတ်ထဲမှာ ဓာတ်ပုံများ၊ ဆေးခန်းစာရွက်မှတ်တမ်းစာရွက်များတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့သွားကြည့်လိုက်တော့ ပုပ်နေပြီ၊ ရုပ်ကလည်း မကွဲပြားတော့ဘူး၊ သူ့မှာ လက်ဆွဲ အိတ်လေးပါတယ်။ ဆေးခန်းပြတဲ့အိတ်လေးပါတယ်။ အဲဒီအိတ်ရယ်၊ အဝတ်အစားတွေကတော့ ခန္ဓာကိုယ်ပေါ်မှာ မတွေ့ရဘူး၊ ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲနေတာတွေ တွေ့ခဲ့တယ်။ သေတဲ့ ပုံစံ အနေအထားရယ်၊ အဝတ်အစားမတွေ့ရတဲ့ အနေအထားဆိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာ လို့ ယူဆရတယ်ဗျ။” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

 

ထိုသို့ တွေ့ရှိသည့် ရုပ်အလောင်းကို ကောင်းမွန်စွာ မီးရှို့သင်္ဂြိုလ်ပေးခဲ့ပြီး တွေ့ရှိသည့် ပစ္စည်းများကို သိမ်းဆည်းကာ သေဆုံးအမျိုးသမီး၏ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

“ကျနော်တို့တင်ထားတဲ့ ဓာတ်ပုံထဲက မိန်းကလေးနဲ့ အဆက်သွယ်ရတယ်လို့တော့ ပြောတယ်။ ဘယ် မှာနေလည်း၊ ဘယ်သူလည်းတော့ တိတိကျကျ အတည်ပြုလို့မရသေးဘူး၊ ပုံထဲက ကောင်မလေးက နားကြပ်ပါတာရယ်။ ပြီးတော့ သေဆုံးသူမှာပါတဲ့ အိတ်ထဲကလည်း ဆေးမှတ်တမ်းတွေလည်း တွေ့ တာဆိုတော့ ပုံထဲကကောင်မလေးပဲ၊ သူနာပြုလိုင်းထဲကပဲလို့ လော လောဆယ်အတည်ပြုထား တယ်။ဒါပေမယ့် ကျနော်တို့ တင်လိုက်တဲ့ ပုံထဲက ကောင်မလေးနဲ့ အဆက်အသွယ်ရထားတယ်လို့ ကြားနေတာလည်း ရှိတယ်၊” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ပြောဆိုသည်။

 

ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းမှ ဆုတ်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ဝက်ပုတ်ပျူစောထီးကျေးနှင့် စက်မှု ၂ ဘက်တို့တွင် ရောက်ရှိနေပြီး အလောင်းစွန့်ပစ်ခံရသည့် နေရာ သည်လည်း အကြမ်းဖက်စစ်သားများတပ်စွဲထားရာ နေရာနှင့်နီးကပ်သဖြင့် အလျှင်အမြန် မီးရှို့ သင်္ဂြိုလ်ပေးကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

Photo – GOE တပ်ဖွဲ့(မြိုင်) (သေဆုံးသူအမျိုးသမီးထံမှ တွေ့ရှိရသည့် ပစ္စည်းများ)

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...