ကဗျာကဏ္ဍ “သွေးစွန်းတဲ့ကျောင်း”
ပျိုးကြဲလက်
ရင်သွေးငယ် အနာဂတ်ရေး
မျှော်တွေးသကွယ့် ကမ္ဘာတခွင် ။
ငယ်စဉ်မှာ ဉာဏ်ရည်လောင်းလို့
ကျောင်းစာကိုသင် ။
ကလေးတို့ ပတ်ဝန်းကျင်
ပျော်ရွှင်စရာ ခြယ်မှုန်း ။
ပြည့်ဘဏ္ဍာ ရွှေရင်သွေးဖို့
ရှေးဦးစွာသုံး ။
လူငယ်တွေ ဉာဏ်ရည်ထက်မှ
တိုးတက်လို့ နိုင်ငံသာ ။
မျှော်ရည်ကာ ပျိုးထောင်ကြသကွယ့်
ပြည့်ရတနာ ။
ကလေးသူငယ် ဘဝမှာ
ကျန်းခန့်သာ မာစေရေး ။
အုပ်ချုပ်သူ တာဝန်အပြည့်နဲ့
ဖြည့်စွက်စာကျွေး ။
ပညာကျန်းမာ အာဟာရ
ပြည့်ဝတဲ့ ကလေးငယ် ။
ယုယစွာ အကြင်နာဖက်တော့
ထက်မြက်လှတယ် ။
အရွယ်ရောက်က အားကိုးဖွယ်
ပြည့်ဝန်တကယ် ထမ်းမြဲ ။
ပန်းပေါင်းတထောင် အရောင်လက်ရင်
တိုးတက်ဆကဲ ။
ရွှေပြည်မှာ သန္ဓေယုတ်တို့
အုပ်ချုပ်လို့ စနစ်ပြို ။
လောဘမှာ အာဏာလောင်းတော့
ကျောင်းပိတ်ရကို ။
ရင်သွေးငယ်တို့ ကျောင်းတက်လို
ဗုံးကြဲသကို အမြင်စောင်း ။
ရွှေမြေမှာ ကံခေလွန်းတယ်
သွေးစွန်းတဲ့ကျောင်း ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက် ည ၁၀ နာရီ ၉ မိနစ်
Thanlwin Myanmar Media