အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကြာဆင်နွှဲခဲ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဧပြီလ ၈
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကြာဆင်နွှဲခဲ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက အတည်ပြုထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၇ ရက်ညပိုင်းက အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့ သိမ်းတိုက်ပွဲအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၏ အစီအစဥ်ဖြင့် ၈ လကျော်ကြာ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက် သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိ တော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီ လ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူး ကိုယ်တိုင် ကွပ်ကဲကာ ခုခံကာကွယ်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ် ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့ နှင့် မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Thanlwin Myanmar Media